ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား      ဇွန်      ၄

ကချင်ပြည်နယ် တရားလွှတ်တော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် တရားတရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၃ ရက်က ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအ‌ဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားပေးစကား ပြောကြားပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာက ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ တရားလွှတ်တော် ရုံးများအလိုက် တရားရေးဝန်ထမ်း သားသမီးများအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့‌ပေးအပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားရုံး၊ မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်း‌မော်မြို့နယ်တရားရုံးများရှိ တရားရေးဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ ၁၂ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် သုံးသိန်းနှင့် ကျောင်းသုံး ပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၄၅ ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၇၅၄၀၀၀နှင့် ကျောင်းသုံး ပစ္စည်းများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ကျောင်းသားမိဘများကိုယ်စား ဌာနခွဲစာရေးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော်ရုံးမှ ပြည်နယ်ရုံးအပါအဝင် မြစ်ကြီးနားခရိုင်ရုံး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ် တရားလွှတ်တော်တရားရုံး ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ ၅၇ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၀၅၄၀၀၀ နှင့် ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင် တစ်ကတ်၊ ခဲတံ တစ်ဒါဇင် စသည့် ကျောင်းသုံးပစ္စည်းများအတွက် တန်ဖိုးငွေကျပ် ၄၂၇၅၀၀ စုစုပေါင်း ငွေကျပ် ၁၄၈၁၅၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥ‌ပဒေချုပ်တို့ နှင့်အတူ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ ကချင်ပြည်နယ် တာဝန်ခံနှင့် အဖွဲ့တို့အား လက်ခံတွေ့ဆုံပြီး ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးနိုင်ရေး၊ နေ့ရပ်စွန့်ခွာယာယီခိုလှုံရာစခန်းနေ ပြည်သူများ ပြန်လည်‌နေရာချထားရေးနှင့် ကူညီထောက်ပံ့မှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိူးရေး၊ မွေးမြူရေးဆိုင်ရာ သက်မွေးလုပ်ငန်းများတွင် ကူညီထောက်ပံ့နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)