ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလိုနှင့် ဘိန်းစိမ်း ၁၂၅ ကီလို ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၁၁ 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလိုနှင့် ဘိန်းစိမ်း ၁၂၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဟိုပင်ဘက်သို့ စိုင်းသူရကျော် မောင်းနှင်လာသော ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၇၂ ကီလို၊ ဘိန်းစိမ်း ၁၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ရွာသစ်ကြီးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဇော်ဇော်စိုး(ခ)ဖိုးလုံးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)