ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ဦးမြင့်စိုး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ် ၄ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာ (SMART Village) လုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်း ဆောင်ရွက်နေသော မော်ဖောင်း(နယ်မြေ-၈) ကျေးရွာသို့ ရောက်ရှိကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကိုအခြေခံ၍ ခေတ်မီစံပြကျေးရွာများ ရွေးချယ်ကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းများကို ဒေသခံပြည်သူများကလည်း မိမိတို့ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ကာ အစိုးရနှင့် ပြည်သူ တက်ညီလက်ညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားကာ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) နှင့် Cash For Work လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် မော်ဖောင်းကျေးရွာနှင့် ငါးအိုးကျေးရွာချင်းဆက် လမ်းပေါ်ရှိ မော်ဖောင်း-ငါးအိုး တံတားသစ် ဆောက်လုပ်ရေး စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ် ရေးသမဝါယမအသင်းသို့ ရောက်ရှိကာ ထုတ်လုပ်ထားသည့် စက္ကူနှင့် စာအုပ်များအား ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၁၁၇၀ အိမ်နှင့် လူဦးရေ ၇၀၂၆ ဦးအတွက် အကျိုးပြုမည့် အရှည် ၂ ဒသမ ၀၁ ကီလိုမီတာ၊ အကျယ် ၁၆ ပေ၊ ၇ လက်မထုရှိ မန်ခိန်-နောင်တောင် လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာ နှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်