ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ လှူဒါန်းငွေပေးအပ်

နေပြည်တော် ဇူလိုင် ၄

 

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာ ဒေါ်ဝေဝေသာက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကချင်ပြည်နယ် ရေကြီးရေလျှံမှုတွင် စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ပြောကြားကာ လှူဒါန်းငွေကျပ်သိန်း (၃၀)ကို လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

အလားတူ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက ငါးသေတ္တာဘူး(၁၇၅၀၀) ပေးပို့လှူဒါန်းမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ထောက်ပံ့သော တာပေါ်လင်လိပ်များ၊ အဝတ်အထည်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများကို ဇူလိုင် ၃ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ကချင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ပေးပို့ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်