ကချင်ပြည်နယ်၊ ရွှေကူမြို့၌ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေးနှိုးဆော်

ရွှေကူ ဇူလိုင် ၁

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးတိုးတိုးထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီခန့်မှစတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျောက်ရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါနှိုးဆော်မှုတွင် ရွှေကူမြို့အတွင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် (၈၃၈)စင်တီမီတာသို့ ရောက်ရှိနေပြီး ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာ ဖြစ်ပါသောကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေကျော်ခန့်သာလိုကြောင်းနှင့် ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ် အထက်သို့ ရောက်ရှိနိုင်ပါသဖြင့် အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်ကမ်းနံဘေးတွင် နေထိုင်ကြသူ ပြည်သူများအနေဖြင့် လူ၊ ပစ္စည်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ရေဘေးလွတ်ရာနေရာသို့ ပြောင်းရွေ့ထားကြရန်နှင့် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြပါရန် အသိပေးနှိုးဆော်ခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)