ကချင်ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ    ၁၇

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်နယ် အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူး များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယလုပ်ငန်းနှင့် ငါးလုပ်ငန်းများအတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ မတည်ရင်းနှီး ထောက်ပံ့ ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည့် နည်းလမ်းများ၊ ချေးငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို တင်ပြဆွေးနွေးကြရာ တောင်သူများက စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်များ၊ ကုန်ထုတ်လမ်း၊ တံတား လိုအပ်ချက်များ တင်ပြမှုများအပေါ် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခိုင်တော်ကျွန်းအတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေမှ ရင်းနှီးမတည်ပေး နိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာ လိုအပ်ချက်နှင့် ကုန်ထုတ်လမ်း၊ တံတားလိုအပ်ချက်များ၊ တောင်သူ အသိပညာပေးလုပ်ငန်းများကို  ကွင်းဆင်းလေ့လာစစ်ဆေး ဆောင်ရွက်နိုင်ရေး ပြည်နယ်ကော်မတီ အဖွဲ့ဝင်များ၊ တောင်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ခိုင်တောင်ကျွန်းသည် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကွင်း ခြောက်ကွင်းဖြင့် စိုက်ပျိုးမြေဧရိယာ ၃၀၀၀၀ ကျော်တွင် တောင်သူ ၉၀၀ နီးပါးက နှစ်စဉ် အစေ့ထုတ်ပြောင်း၊ နှမ်း၊ ဆီမုန်းညှင်းနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယနေ့အစည်း အဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းအဖြစ် ဖွဲ့စည်း၍ မတည်ထောက်ပံ့ပေးပြီး နေကြာအပါအဝင်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)