မြစ်ကြီးနား မေ ၂၇

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအကြားရှိ လီဆူအရှေ့ကွင်းအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အဆိုပါလီဆူအရှေ့ကွင်းနှင့် အနောက်ကွင်းအတွင်းရှိ မိုးစပါး စိုက်လယ်ဧရိယာ ၉၀၀ ကျော် အတွင်း ယခုနှစ် မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံ ဆီမုန်ညင်း ဧက ၁၅၀ စတင်စိုက်ပျိုးနိုင်ရေး၊ အောင်ရေရရှိရေးနှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
 

 

ကြည့်ရှုစစ်ဆေး

 

မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် တာရိုးဖို့ခြင်းလုပ်ငန်း၊ လယ်ကုန်း- ဇီးလွန်ရေပေါက်အား ယာယီပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကမ်းတာရိုးဖို့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

 

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ တပ်ကုန်း (အင်ဂျန်ဒုံ) ရပ်ကွက်အတွင်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အင်ဂျန်ဒုံ စခန်းသို့သွားရောက်၍ အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ အိမ်ထောင်စုများအတွက် နေအိမ်တန်းလျား တိုးချဲ့တည်ဆောက်နိုင်ရေး ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)