ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ညှိနှိုင်းဆွေးနွေး

မိုးညှင်း ဇွန် ၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရိုင်အတွင် နေကြာစိုက်ဧက ၈၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းများကို မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညှင်းဗဟိုအကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များ၊ လုံခြုံရေး၊ စီမံအုပ်ချုပ်ရေးနှင့် ထောက်ပံ့ပေးမှုဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုကို ပြည်နယ်ဝန်ကြီးချုပ်က အကျဉ်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အကျဉ်းထောင်အတွင်း စီမံဆောင်ရွက်ထားရှိမှုများနှင့် အကျဉ်းသား အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး မီးသတ်ဦးစီးဌာန၏ ကယ်ဆယ်ရေးအထောက်အကူပြု နည်းပညာသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် ကူညီထောက်ပံ့မှုပေးနိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အောင်သပြေရပ်ကွက်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်း တည်ဆောက်ထားသည့် ကံသာဦးအောက်စီဂျင်စက်ရုံ လည်ပတ်နိုင်မှုအခြေအနေနှင့် အောက်စီဂျင် အခမဲ့ဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နန့်ပုတ်ကျေးရွာရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံသို့ သွား‌ရောက်ကာ တာဝန်ခံဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၂၀ သိန်းကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်း‌နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ပြည်နယ်၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံလာစေရေး အထွက်တိုး မျိုးကောင်းမျိုးသန့် စပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာကို ယခုနှစ်တွင် ဧက ၈၀၀၀ ကျော် စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် ဓာတ်မြေသြဇာအိတ်များနှင့် ဆင်းဧကရီ-၃ မျိုးစပါးမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)