ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းခရိုင်အတွင်း တက္ကသိုလ်၊ ကောလိပ်များရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

မိုးညှင်း ဇွန် ၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရေးဝန်ထမ်းများနှင့် မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာကောလိပ် (မိုးညှင်း) သို့ သွားရောက်၍ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဌာနမှူးဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အားပေးမှာကြားပြီး ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားရေးလုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ် ကျောင်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနှင့် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်နိုင်ရေး အားကစားအထောက်အကူပြုပစ္စည်းများ တပ်ဆင်ထောက်ပံ့ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကောလိပ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၅၇၈ ဒသမ ၂၂၃ သန်းဖြင့် (၃)ထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မိုးညှင်းတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဝန်ထမ်းမျာနှင့် တွေ့ဆုံကာ သင်ကြားရေးဝန်ထမ်း ဆရာ/ ဆရာမများအနေဖြင့် ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ၊ အသိပညာများကို သင်ကြားပို့ချပေးရမည့်အပြင် ဆရာတို့၏ ကျင့်ဝတ်ငါးသွယ်နှင့်အညီ နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး၊ ကျောင်းသား/ ကျောင်းသူများအား ပညာရည်မြင့်မားရေး၊ အတွေးအခေါ် ခံယူချက်၊ ရပ်တည်မှုမှန်ကန်စေရေး အလေးထား သင်ကြားထိန်းကြောင်းပေးရမည် ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသား/ ကျောင်းသူများ ပညာအပြည့်အဝ ဆုံးခမ်းတိုင်အောင် သင်ကြားနိုင်ရေးအတွက် ကျောင်းအုပ်ချုပ်သူများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရေး အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကျောင်းဆိုင်ရာအချက်များ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အတွက် အားကစားအထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ပြီး ပါမောက္ခဌာနမှူးများက သုတေသနပြုစုထားသည့် စာတမ်းများအား ပြည်နယ်ဝန်ကြီးထံ ဂါဝရပြုပေးအပ်မှုကို လက်ခံရယူပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။

ထို့နောက် တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂ ဒသမ ၁၀၀ သန်းဖြင့် (၃)ထပ် စာသင်ဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)