ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တာလောကြီးကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး

မြစ်ကြီးနား မေ ၂

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီးကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကျေးရွာသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်သည့် နေရပ်စွန့်ခွာအိမ်ထောင်စုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာလောကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း မေခဆောင်၌ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က တာလောကြီးကျေးရွာနေ ပြည်သူအများစုသည် တောင်သူလယ်သမားများ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများ၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လိုအပ်သည့် ပံ့ပိုးကူညီများ ဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ တက်‌ရောက်လာသူများအနေဖြင့် မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များနှင့် တာလောကြီး - ရွှေညောင်ပင် - ဝိုင်းမော်လမ်းပိုင်းအား လွယ်ကူမြန်ဆန်စွာ သွားလာနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် ကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေး၊ စိုက်ပျိုးမြေပုံစံ(၇)များ အမြန်ဆုံးရရှိရေး၊ စိုက်ပျိုးရေး သွင်းအားစုလိုအပ်ချက်များ၊ နေရပ်ပြန် ပြည်သူများအတွက် နေထိုင်စားသောက်မှု ဖြည့်ဆည်းပေးရန်ကိစ္စရပ်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ သက်ဆိုင်ရာကဏ္ဍအလိုက် ကျေးရွာအတွက် ရန်ပုံငွေခွဲဝေ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများ၊  ဘဏ္ဍာနှစ်အလိုက် ဆက်လက်လျာထား ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအတွက် Cash For Work စီမံကိန်းလုပ်ငန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ(VDP)မှ ငွေကျပ်သိန်း ၁၀၀၊  တာလောကြီးကျေးရွာမှ သမိုင်းဝင်ခေါင်ဖူးဘုရားသွား တံတားတည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၂၀၀၊ ကျေးရွာအတွင်းရှိ နေရပ်ပြန်အိမ်ထောင်စု (၁၀)စုတို့အတွက် ငွေကျပ် ၁၀ သိန်း၊ ပညာရေးဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် ၃ သိန်း ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီ (KEP)တို့မှ သမိုင်းဝင်ခေါင်ဖူးဘုရားသွား တံတားတည်ဆောက်ရေးအတွက် စုစုပေါင်းငွေကျပ် ၂၅ သိန်း ကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအတွက် ဆင်းဧကရီ-၃ မျိုးစပါး (၃)တင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကိုလည်းကောင်း ကျေးရွာတာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်များ ထပ်တိုးထောက်ပံ့ပေးနိုင်ရေး၊ သီးထပ်သီးနှံ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)များ အမြန်ဆုံး စိစစ်ထုတ်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာလောကြီးကျေးရွာမှ ရေလယ်ကျွန်းပေါ်ရှိ အာသောကမင်းတရားကြီး တည်ထားခဲ့သော သမိုင်းဝင်ခေါင်ဖူးဘုရားသို့ သွားရောက် ဖူးမြော်ကြည်ညိုကာ ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြကာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြသည်။

 

အလားတူ တာလောကြီးကျေးရွာ ဒက္ခိဏာရာမကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျေးရွာအတွင်း ယာယီနေရပ်စွန့်ခွာစခန်းများမှ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြသည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးကာ မိသားစုများအတွက် ဆေးစိမ်ခြင်ထောင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ ကျေးရွာအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ကျေးလက်ကျန်းမာရေးဆေးပေးခန်း တစ်ထပ်(RC) အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ၂ လုံး တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာရှိ ၁၆ ခတင်ဆံ့ တိုက်နယ်ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများ တွေ့ဆုံအားပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးကုသမှုခံယူနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ကျေးရွာဧရိယာအတွင်း Century Sun Investment and Development Group Co.,Ltd မှ တိရစ္ဆာန်အစာအဖြစ် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပြောင်းချဉ်ဖတ် ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း စက်ယန္တရားများဖြင့် ဒေသခံတောင်သူများ၏ ပြောင်းပင်များ ဝယ်ယူရိတ်သိမ်း၍ ပြောင်းချဉ်ဖတ်ထုတ်ပိုးမှု အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်း အသစ်တည်ဆောက်ဖွင့်လှစ်သည့် Hotel Yuzana ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရှေးဦးစွာ ဟိုတယ်သစ်ဖွင့်ပွဲအတွက် ကတ်သလစ်ဘုန်းတော်ကြီးများက  ဆုတောင်းဆက်ကပ်ကောင်းချီးပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘုန်းတော်ကြီးတို့က ဟိုတယ်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)