ကက်ရှ်မီးယားအရေး နိုင်ငံတကာမှ စိတ်ဝင်စားလာရန် ပါကစ္စတန်တိုက်တွန်း

အစ္စလာမ်မာဘတ် ၁၆ သြဂုတ်

အိန္ဒိယက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ဝင်စားခြင်းမရှိပါက အဆိုပါဒေသတွင် အကြမ်းဖက်မှုများ ပိုများလာနိုင်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းက သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

သြဂုတ် ၅ ရက်တွင် အိန္ဒိယအစိုးရက ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်မှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေများကို စိုးရိမ်မိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရနခန်းက ၎င်း၏တွစ်တာအကောင့်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အိန္ဒိယဘက်မှ ကက်ရှ်မီးယား ဒေသအပေါ် ပြုမူဆောင်ရွက်မှုကြောင့် ပါကစ္စတန်သည် အိန္ဒိယနှင့် ဆက်ဆံရေးကို လျှော့ချခဲ့သည်။

ထို့နောက်ကုန်သွယ်ရေး အဆက်အဆံများအား ရပ်ဆိုင်းခဲ့ပြီး ရထားပြေးဆွဲမှုကို လည်းရပ်ဆိုင်းခဲ့သည်။ အိန္ဒိယဘက်မှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် သတ်မှတ်အချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ၁၂ ရက်ကြာထားရှိခဲ့ပြီး တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည့်အတွက် အဆိုပါဒေသတွင် အကြီးအကျယ် တပ်ဖွဲ့ချထားခြင်းပင်ဖြစ်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သြဂုတ် ၁၄ ရက်ကလည်း ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းသည် ပါကစ္စတန်ဘက်မှ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသသို့ သွားရောက်ခဲ့သည်။ အိန္ဒိယဘက်မှ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားရှိလူများ၏ အခွင့်အရေးများအတွက် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့တွင် တောင်းဆိုသွားမည်ဟု ပါကစ္စတန် ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဆင်ဟွာ