ကက်ရှ်မီးယားဒေသအရေးနဲ့ပတ်သက်ပြီး ပါကစ္စတန်ရှိ အိန္ဒိယသံအမတ်ကို နှင်ထုတ်

နယူးဒေလီ  ၈ သြဂုတ်

ကက်ရှ်မီးယားဒေသအရေးနဲ့ ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးကို အဆင့်နိမ့်လိုက်တဲ့အနေနဲ့ ပါကစ္စတန်ရှိ အိန္ဒိယသံတမန်ကို နှင်ထုတ်ပြီး အိန္ဒိယနိုင်ငံရှိ ပါကစ္စတန်သံတမန်ကို ပြန်လည်ခေါ်ယူမယ်လို့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။  သံတမန်အဆက်သွယ်ဖြတ်တောက်လိုက်သလို နှစ်နိုင်ငံကြားက ကုန်သွယ်ရေးပါ ရပ်ဆိုင်းကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ 

ဟိမဝန္တာဒေသ ရှိ ဂျမူး နဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံအရ အနှစ် ၇၀ ကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားတဲ့ ပုဒ်မ (၃၇၀) ကို အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ တနင်္လာနေ့က ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီလိုဖျက်သိမ်းပြီး နာရီပိုင်းအတွင်းမှာ ကက်ရှ်မီးယားဒေသကို ညမထွက်ရအမိန့် (ကာဖျူး) နဲ့ အုပ်ချုပ်လိုက်ပါတယ်။ 

ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ရေးအတွက် နျူကရီးလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံတို့ကြားက စစ်ပွဲတွေအတွင်းမှာ လူသိန်းချီပြီးလည်း သေဆုံးပြီးဖြစ်ပါတယ်။ 

၁၉၄၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရပြီးကတည်းက ကက်ရှ်မီးယားဒေသကို  အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ပိုင်း ပိုင်းခြားပြီး အုပ်ချုပ်နေခဲ့တာဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံက ပိုင်ဆိုင်တဲ့ ဂျမူး နဲ့ ကက်ရှ်မီးယားအခြမ်းမှာ အစိုးရကို ဆန့်ကျင်တဲ့ ခွဲထွက်ရေးသမားတွေနဲ့ အိန္ဒိယအစိုးရတို့ကြားက တိုက်ပွဲတွေဟာ ၁၉၈၉ ခုနှစ်ကစတင်ပြီး  နှစ်ပေါင်း ၃၀ကြာနေပြီဖြစ်ပါတယ်။  ဒီတိုက်ပွဲတွေအတွင်း သေဆုံးသူ ၇၀,ဝ၀ဝ ကျော်ရှိပြီး အများစုဟာ အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ကက်ရှ်မီးယားဒေသဟာ ပုဒ်မ (၃၇၀) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး ကိုယ်ပိုင်အလံ နဲ့ ကက်ရှ်မီးယား အစိုးရလုပ်ငန်းတွေ နဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ဒေသခံတွေသာ ခံစားလုပ်ပိုင်ခွင့်ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေး၊ ဆက်သွယ်ရေးနဲ့ ကာကွယ်ရေးကိုတော့ ဗဟိုအစိုးရက စီမံခန့်ခွဲပါတယ်။ 

အဲဒီအခွင့်အရေးတွေကို ဖျက်သိမ်းပြီး ဗဟိုအစိုးရကနေ တိုက်ရိုက် အုပ်ချုပ်မယ်လို့ တနင်္လာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ မိုဒီအစိုးရအဖွဲ့ကတော့ အခုလို လုပ်ဆောင်ခြင်းအားဖြင့် အဲဒီဒေသမှ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ယူဆပေမယ့် လေ့လာသုံးသပ်သူတွေကတော့ ဒီလိုလုပ်ဆောင်ခြင်းဟာ အလောင်းအစားတစ်ခုသာဖြစ်ပြီး ပါကစ္စတန်အစိုးရနဲ့ ပဋိပက္ခဖြစ်လာနိုင်သလို ခွဲထွက်ရေးသမားတွေအတွက်လည်း မီးထိုးလိုက်သလိုဖြစ်မယ်လို့ ပြောဆိုနေပါတယ်။ 

MDN
ကိုးကား - AFP