ဆရီနာဂါ ၇ မတ်
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ခွဲခြားထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေးမျဉ်း(အယ်လ်အိုစီ)အား ဖြတ်ကျော်၍ နှစ်နိုင်ငံတပ်ဖွဲ့စခန်းများအား ပစ်မှတ်ထားကာ အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များက ပြင်းထန်သည့် အပြန်အလှန် ပစ်ခတ်မှုများ မတ် ၅ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိန္ဒိယက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသမြို့တော် ဆရီနာဂါ၏ အရှေ့တောင်ဘက်ကီလိုမီတာ ၁၈၀ အကွာရှိ ပွန့်ချ်ဒေသတွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ယင်းပစ်ခတ်မှုများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်ဘက်ခြမ်းတို့တွင် သေဆုံးမှုများဖြစ်ပေါ်သည့်သတင်းများ ထွက်ပေါ်ခြင်း မရှိကြောင်း အိန္ဒိယတာဝန်ရှိသူက ပြောကြားသည်။ မတ် ၅ ရက် အစောပိုင်းတွင်လည်း ရာ့ချ်အိုယူရီဒေသနှင့် ဘေးချင်းကပ်လျက် တည်ရှိနေသည့် နောင်ရှီရာဒေသ၌ အလားတူ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ကက်ရှ်မီးယားဒေသအား ခွဲခြားထားသည့် ထိန်းချုပ်ရေးမျဉ်း (အယ်လ်အိုစီ) တစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန် နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ထိခိုက်သေကျေမှုများ နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့၏ စခန်းတစ်ခုအား လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက်တွင် ယင်းနှစ်နိုင်ငံအကြား နောက်ဆုံးအကြိမ် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်သည့် တင်းမာမှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုခဲ့ကြသည်။
ဆင်ဟွာ