ကြက်သွန်စိုက်ခင်းများ အထွက်နှုန်းကောင်းသဖြင့် ဒေသခံတောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်

ရေစကြို၊   ၁၀    ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက်ရှိ  တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကြက်သွန်စိုက်ခင်းများ စတင်သိမ်းဆည်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် စိုက်ပျိုးသည့် ကြက်သွန်စိုက်ခင်းများမှာ ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်သဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိရန်မျှော်လင့်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

ရေစကြိုမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးခြင်းကို  ချင်းတွင်းမြစ်တစ်လျှောက် ကျေးရွာများရှိ ဒေသခံ တောင်သူများက ချင်းတွင်းမြစ်ရေကိုအမှီပြုပြီး ကိုင်းမြေနှင့် ကျွန်းမြေများတွင် ထွန်ယက် စိုက်ပျိုးမှုများရှိသလို အချို့သော ကျေးရွာများမှ တောင်သူများကလည်း မြေအောက်ရေဖြင့် တစ်ပိုင် တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်းသိရသည်။

 

ကြက်သွန်စိုက်ပျိုးသည့် ချင်းယာကျေးရွာနေ တောင်သူ ဦးစောမောင်က “ မနှစ်က ဆိုရင် ကြက်သွန်ပေါ်တဲ့ အချိန်မှာ  တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀ မှ ၂၀၀၀) အထိ ရောင်းရပါတယ်။ ဒီနှစ် မှာ ကြက်သွန်အထွက်နှုန်း ကောင်းသော်လည်း၊  ယခုဈေးကွက်ပေါက်ဈေးမှာ  တစ်ပိဿာလျှင် ငွေကျပ်(၃၅၀ မှ ၅၀၀) ပဲရှိတဲ့အတွက် စိုက်ပျိုးစရိတ်တောင် မရရှိပါဘူး။ ယခုဈေးနှုန်းက ခရီးစရိတ်နဲ့ အလုပ်သမား ငှားရမ်းခများ ပေးရန်သာရရှိတဲ့အတွက် ကျွန်တော်တို့က ဈေးကောင်းရရှိရန် မျှော်လင့်ရ ခြင်ဖြစ်ပါတယ် ” ဟု ပြောကြားသည်။

 

မွှေးကြူဇင်