ကြက်သွန်ဖြူ၏ အစွမ်းထက်သော အာနိသင်များ

 

လွန်းပိုးအိမ်

 

ကြက်သွန်ဖြူဟာ အိမ်တိုင်းအိမ်တိုင်းရဲ့စားဖိုဆောင်မှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် မရှိမဖြစ် လိုအပ်လျက်ရှိကြောင်း သိရှိပြီးဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ အိမ်ရှင်မတိုင်းရဲ့လက်သုံးဖြစ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်ပါတယ်။ ဟင်းချက်ရာမှာ မရှိမဖြစ်လိုအပ်လှတဲ့ ကြက်သွန်ဖြူဟာ ဟင်းခတ်အမွှေးအကြိုင်အပြင် အိမ်တွင်းတိုင်းရင်းဆေးတစ်ပါးအဖြစ်လည်း ရပ်တည်လို့နေပါတယ်။ မြန်မာ့လက်ဖက်ပွဲများမှာလည်း ထည်ဝါစွာ ပါဝင်လို့ အလွန်မွှေးပျံ့တဲ့ရနံ့ကို ရရှိစေပါတယ်။ တချို့က ကြက်သွန်ဖြူကို ထမင်းထဲမှာလည်း တို့စရာအဖြစ် စားသုံးကြပါတယ်။

အစာလည်းဆေး၊  ဆေးလည်းအစာဖြစ်တာမို့ ဘယ်နည်းနဲ့ပဲစားစား ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးဖြစ်တာကြောင့် ယုံကြည်စွာနဲ့သုံးစွဲနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလဖာ ဒြပ်ပေါင်းဟာ အနံ့နဲ့အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေပါတယ်။ ကြက်သွန်ဖြူဟာ စွယ်စုံရ ပစ္စည်းအဖြစ်တည်ရှိနေပါတယ်။ ကြက်သွန်ဖြူရဲ့ ဆေးဖက်ဝင်ပုံ၊ အသုံးဝင်ပုံနဲ့ အစွမ်းထက်တဲ့ အာနိသင်တွေအကြောင်းကို စာရေးသူ စုံလင်စွာ တင်ပြလိုက်ရပါတယ်-

 

အစာခြေစနစ်ကိုလည်း ကောင်းမွန်စေ

 

ကြက်သွန်ဖြူစားသုံးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေ ပါတယ်။

 

ကိုလက်စထရောလည်းကျဆင်းစေ

 

ကြက်သွန်ဖြူပါဝင်တဲ့အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allincin က ကျန်းမာရေးကို ကောင်းစေတာပါ။

 

မျက်စိအားကောင်းခြင်း

 

အီရန်နိုင်ငံဆေးပညာရှင်များ၏ သုတေသနပြုချက်အရ ကြက်သွန်ဖြူဟာ မျက်လုံးအိမ်အတွင်း အရည်၏ဖိအားကို လျော့ကျစေကြောင်းသိရပြီး တူရကီနိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ကျွမ်းကျင်သူများ လေ့လာမှုအရ ကယ်ထိုက်ဆစ်ခေါ် သေးငယ်သောဘက်တီးရီးယားကြောင့်ဖြစ်သော မျက်စိနှင့်ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူမှာ Selenium၊ Guercetin နဲ့ ဗီတာမင်စီတွေ များများပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေကြောင့် မျက်လုံးထဲကို ပိုးဝင်တဲ့အခါ ဖောင်းအစ်တာတွေ မဖြစ် စေဘဲ မျက်စိအားကောင်းစေပါတယ်။

 

ကျောက်ကပ်အားကိုလည်းကောင်းစေ

 

နံနက်စောစော အစာမစားမီ ကြက်သွန်ဖြူစိမ်ရေတစ်ခွက်သောက်ပေးခြင်း၊ ကြက်သွန်ဖြူ သုံး၊ လေးမြွှာ စားပေးခြင်းဖြင့် ကျောက်ကပ်ကင်းစင်စေပါတယ်။ ကျောက်ကပ်မှာ ပိုးဝင်ပြီးအနာဖြစ်တာ၊ ဆီးလမ်းကြောင်း ရောင်ရမ်းတာတွေဟာ ကုသဖို့အတွက် အလွန်ခက်ခဲသော်လည်း ကြက်သွန်ဖြူစိမ်ရေ ပုံမှန်သောက်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ ပန်ဂျက်ဆေးသုတေသနတက္ကသိုလ်ရဲ့ လေ့လာမှုအရ ကြက်သွန်ဖြူဟာ ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်ဓာတ် ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်ကပ်လမ်းကြောင်း၊ ဆီးလမ်းကြောင်းပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါတယ်။

 

အအေးမိခြင်းကိုလည်း သက်သာ

 

ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိဖြစ်နေတယ် ဆိုရင်တော့ ကြက်သွန်ဖြူနှစ်မြွှာလောက်ကို စားတာမျိုးလုပ်ပေးစေချင်ပါတယ်။

 

အသည်းကိုလည်း အားကောင်းစေ

 

ကြက်သွန်ဖြူစားခြင်းဟာ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အသည်းကျန်းမာရေးကို အားကောင်းစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါရှိသူတွေဟာ ကြက်သွန်ဖြူကို စားပေးတဲ့အခါမှာ လေ့ကျင့်ခန်းတွေ ပိုမိုလှုပ်ရှားလုပ်ကိုင်လာနိုင်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဌာနရဲ့ လေ့လာချက်အရ ကြက်သွန်ဖြူစားသုံးသူဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး ခုခံအားတိုးတက်လာကြောင်းကိုလည်း တွေ့ရှိရပါတယ်။

 

အရိုးအဆစ်ကိုလည်း သန်မာ

 

အသက်အရွယ်ကြီးရင့်လာတဲ့အခါ လူတွေမှာ အရိုးပွခြင်း၊ အဆစ်ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ကြီးရွယ်အိုအများစုမှာ ထိုရောဂါအဖြစ်များကြပါတယ်။ ကြက်သွန်ဖြူစားသုံး ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အက်စရိုဂျင်ရရှိမှုကို ကူညီပေးပြီး ခန္ဓာကိုယ်ကျောရိုးမကြီး ဖွံ့ဖြိုးကာ အရိုးအားလုံး ကျန်းမာသန်စွမ်းဖို့ကို များစွာကူညီပေးပါတယ်။

နောက်ပြီး ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးကာ စိတ်ဖောက်ပြန်မှုကို လျော့ကျစေနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး ဦးနှောက်စွမ်းရည် ကောင်းစေတဲ့အပြင် အိုမင်းရင့်ရော်မှုကို ထိန်းချုပ်ပေးနိုင်ပြီး အရွယ်တင်နုပျိုနိုင်ကြောင်း Tufts University of Medicine ၏ သုတေသနပြုချက်အရ သိရပါတယ်။

 

ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေး

 

နံနက်စောစော အစာမစားမီ ကြက်သွန်ဖြူစိမ်ရေတစ်ခွက်ကို သောက်ပေးခြင်းဟာ အစာအိမ်အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ပြင်သစ်သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ကြက်သွန်ဖြူစားသုံးခြင်းဟာ ခန္ဓာကိုယ်အတွင်းဖြစ်ပေါ်စေသော ရောင်ရမ်းမှုတွေကို တားဆီးနိုင်ပြီး ဗိုက်အောင့်၊ ဗိုက်နာ၊ လေထိုး၊ အစာမကြေခြင်းတို့ကို တားဆီးကာကွယ်နိုင်စွမ်းရှိပါတယ်။

 

အသားအရေကိုလည်း လှပစေ

 

ကြက်သွန်ဖြူစားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ပုံမှန်ဖယ်ရှား စွန့်ထုတ်ပေးနေတဲ့အတွက် အသားအရေကို စိုပြည်စေပြီး ခန္ဓာကိုယ်ကမလိုအပ်တဲ့၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ပုံမှန်စွန့်ထုတ်မှုကြောင့် ခုခံအားကောင်းလာတဲ့အတွက် အအေးမိ၊ တုပ်ကွေး၊ ဖျားနာ ရောဂါတွေကို တိုက်ထုတ် နိုင်မှာဖြစ်ပါတယ်။

သို့ဖြစ်ရာ ကြက်သွန်ဖြူဟာ အိမ်ရှင်မတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးစွမ်းထက်မြက်တဲ့ ဆေးဝါးအဖြစ်လည်းကောင်း၊ အာဟာရအဖြစ်လည်းကောင်း မှီဝဲစားသုံးပေးနိုင်မှာဖြစ်ပါတယ်။ ကြက်သွန်ဖြူရဲ့ အစွမ်းထက်တဲ့အာနိသင်တွေကို စာဖတ်သူတွေ သိရှိအောင် ဗဟုသုတအဖြစ် ဝေငှပေးလိုက်ရပါတယ်။