ကက်တလိုနီးယားဒေသ၌ ကိုဗစ်-၁၉ ကူးစက်မှုအရှိန်မြင့်နေသည့်အတွက် ဒေသခံပြည်သူ ၂ဝဝဝဝဝ ကို ကန့်သတ်ပိတ်ဆို့မှုပြုလုပ်

ကက်တလိုနီးယား  ၆  ဇူလိုင်

ကက်တလိုနီးယား အရှေ့မြောက်ပိုင်းပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ဆက်လက်မြင့်တက် လာလျက်ရှိရာ စပိန်အာဏာပိုင်များက အဆိုပါဧရိယာကို အဝင်အထွက်ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်လိုက်ကြောင်း သိရသည်။

ဒေသခံပြည်သူ ၂၀၀၀၀၀ ခန့်ရှိရာ Lleida ခရိုင်ကို အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု ဆောင်ရွက်မည်ဖြစ်ကြောင်း ကက်တလိုနီးယားအာဏာပိုင်များက ဇူလိုင် ၄ ရက်တွင် ကြေညာခဲ့သည်။ အလုပ်ကိစ္စဖြင့် အဆိုပါနေရာသို့ အရေးတကြီး သွားရောက်ကြမည့်သူများကိုလည်း အဝင်အထွက် ကြပ်မတ်စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် - ၁၉ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် လူ၁၀ ဦးနှင့်အထက် စုဝေးခြင်းကိုလည်း ပိတ်ပင် လိုက်ကြောင်း အာဏာပိုင်များက ပြောသည်။ အဆိုပါ ဧရိယာရှိ စိုက်ပျိုးမွေးမြူရေးခြံများနှင့် ဘိုးဘွားရိပ်သာ များတွင်လည်း ကိုဗစ် -၁၉ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင် ၂ရက်ကတစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၂၈ ဦးအထိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆေးရုံများတွင် ကိုဗစ် - ၁၉ လူနာများအတွက် ပြင်ဆင်ထားသည့်ခုတင်များမှာ ပြည့်လုနီးပါးရှိနေပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ပြောကြားချက် ကို ကိုးကားလျက် ဒေသမီဒီယာတွင် ဖော်ပြသည်။

စပိန်နိုင်ငံ၌ ဇွန်လမှစတင်ကာ ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများကို စတင်လက်ခံခဲ့သည်။ ရောဂါကူးစက်မှု နောက်တကျော့ပြန် ဖြစ်လာနိုင်သည့်အပေါ် အာဏာပိုင်များက သတိပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ