ကလေး ၊ မိုင်းဆတ်နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီတွင် ကလေးမြို့၊ ပင်လုံရပ်ကွက်၊ ပင်လုံလမ်းတွင် မနွယ်နွယ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ကွင်းဆက်အရ ညနေ ၄နာရီတွင် စမ်းမြို့ရပ်ကွက်၊ အမှတ် (၆/၇၉) နေ မသူဇာ (ခ) ပါရ်လှယ်ရန်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး   ထိုနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁) ကျေးရွာရှိ ကျကဲ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီတွင်  တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဆောင်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈နာရီခွဲတွင် ဝိန်းကျောက်ရပ်ကွက်၊ ကားလေးကွင်းတွင် စိုင်းမွန်းတစ် (ခ) အိုက်ဝူး ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား