နေပြည်တော် ဇွန် ၁၀
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကလေး-တမူး လမ်းကြောင်းအား PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ်မှ စတင်၍ ယာယီစိုးမိုးပိတ်ဆို့၍ အဆိုပါ လမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရာ ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်တို့မှာ ကူးသန်းသွားလာခြင်း မပြုလုပ်ရဲတော့သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေး၍ နယ်စပ်ကုန်သွယ်ရေး လျော့ကျလာပြီး ဒေသတွင်း စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် အဆိုပါ ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်းများခွဲကာ ဟန်ချက်ညီညီ ချီတက်၍ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီးတစ်ဝိုက်သို့ လည်းကောင်း၊ ကလေးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ၅၅ မိုင် ကျေးရွာအနီးတစ်ဝိုက်သို့လည်းကောင်း ရောက်ရှိနေပြီဖြစ်ပြီး ကလေး-တမူး လမ်းကြောင်းအား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ခဲ့သည့် မိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ဖျက်ဆီးခဲ့သည့် လမ်းတံတားများအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


