ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ်စေရေး ထင်းရှူးပျိုးပင်များစိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မှာကြား

နေပြည်တော် မေ ၈ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မေ ၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကူပြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)ရှိ ၁/၂၀၂၂ စီးပွားရေးကျွန်းစိုက်ခင်း ဧက (၁၁၀) ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျွန်းစိုက်ခင်းများ တည်ထောင်ရန်အတွက် ကျွန်းမျိုးကောင်း မျိုးသန့်အစေ့များ ကြိုတင်စုဆောင်းရန်နှင့် စိုက်ခင်းတည်ထောင်ခြင်းကို SOP အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် မှာကြားသည်။ 

 

ဆက်လက်၍  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ အင်းပြင်ပျိုးဥယျာဉ်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ကလောမြို့အား ထင်းရှူးမြို့တော် ဖြစ်စေရေးအမြင့် ၂ ပေ အထက် ထင်းရှူးပျိုးပင်များစိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန်နှင့် ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ကြိုတင်ပျိုးထောင်ရန်၊ တစ်ပင်စိုက်တစ်ပင်ရှင်စေအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများအား ထိန်းသိမ်းကာကွယ်ရန်နှင့် ရေဝေရေလဲသစ်တောစိုက်ခင်းများ တိုးချဲ့တည်ထောင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက်ရန်၊ တောင်ကြီးမြို့ရေရရှိရေးအတွက် အရေးပါသော ထီသိမ်ကန် ရေထွက်နှင့် ရေဝေရေလဲ ဧရိယာများကို ထိန်းသိမ်းရန်၊ တရားမဝင်သစ် ဖမ်းဆီးရေး စီမံချက်များရေးဆွဲ၍ အထူးအလေးထားဆောင်ရွက်ရန်၊ ပင်းတယ-ဘော်ဆိုင်း ကားလမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးထားသော ထင်းရှူးပင်များအား ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားပြီး ပျိုးဥယျာဉ်အတွင်း ယခုနှစ်တွင် စိုက်ပျိုးမည့် ပျိုးပင် ၅၈၀၀၀ ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန် ထင်းရှူးပျိုးပင် ၂၀၂၀၀ ကြိုတင်ပျိုးထောင်နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၃) ရှိ ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့်ထင်းရှူးစိုက်ခင်း ၂၂ ဧက စိုက်ပျိုးထားမှုနှင့် ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာ ၂၀၂၂ ခုနှစ် တစ်အုပ်တစ်မ ထင်းရှူးပင် ၁၃၀၀ စိုက်ပျိုးထားရှိမှု၊ သီခေါင်တောင် ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၂ ခုနှစ် ကွက်လပ်ဖြည့် ထင်းရှူးစိုက်ခင်း ၁၃ ဧက စိုက်ပျိုးထားရှိမှုနှင့် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးမည့် ကွက်လပ်ဖြည့် ထင်းရှူး ၂၅ ဧက၊ တစ်အုပ် တစ်မထင်းရှူး ၅ ဧက စိုက်ပျိုးခြင်းတို့အတွက် လုပ်ငန်းဆောင်ရွက်နေမှု၊ ကလောမြို့နယ်၊ ဟဲဟိုးပျိုးဥယျာဉ်အတွင်း ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင် ၄၅၀၀၀ ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင် ၁၃၆၀၀ ကြိုတင်ပျိုးထောင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟို-ဘော်ဆိုင်း ကားလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်စေရေးအတွက် ၃ ပင်တန်း ၁ ပင်တန်း ထင်းရှူးပင် ၃၂၀၀၀ စိုက်ပျိုးထားမှုနှင့် လမ်းဘေးဝဲ/ယာ တောင်ကုန်းများ မြေဆီလွှာတိုက်စားမှု ကာကွယ်ရေးအတွက် တစ်အုပ်တစ်မ ထင်းရှူးပင် ၂၁၆၀၀ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးပြီး အပင်များအား ထိန်းသိမ်းစောင့်ရှောက်ရေး မှာကြားသည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ တောင်လေးလုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးစိုက်ခင်းနှင့် လူထုဖြန့်ဝေခြင်းအတွက် ပျိုးပင် ၅၇၀၀၀ ပျိုးထောင်ထားမှု၊ အေးသာယာပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲထိန်းသိမ်းရေးအတွက် ထင်းရှူးပျိုးပင် ၁၀၀၀၀၀ နှင့် အထူးပျိုး ၄၀၀၀၀ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ 

 

သတင်းစဉ်