ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Paraben ဆိုတာ ဘာလဲ

Paraben ဆိုတာ အလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကလေးအသုံးအဆောင်တွေမှာ Paraben ပါဝင်မှု

Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။

Paraben ကဟော်မုန်းစနစ်ရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင်သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓါကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့သက်ရောက်မှုတွေကိုမွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာParaben နဲ့ထိတွေ့ရခြင်းဟာ သင်ယူလေ့လာနိုင်စွမ်းပြဿနာရှိလာတာလိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ‌တွေအပြင် မျိုးဆက်ပွားခြင်းဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြားပွန်းထားတာရှိရင်ပေါင်ကြားဧရိယာကတဆင့်Parabenတွေပိုစုပ်ယူမိနိုင်ပါတယ်။

ကလေးအသားအရေ ကို Paraben နဲ့မထိတွေ့ရအောင် ဘယ်လိုကာကွယ်မလဲ

Paraben ပမာဏနည်းနည်းနဲ့တော့ အတည်ပြုနိုင်လောက်အောင် သိသာတဲ့ကျန်းမာရေးအန္တရာယ်မရှိတဲ့အတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေမှာ အသုံးများကြတာဖြစ်ပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကို သိလာကြတာနဲ့အမျှparaben-freeဖြစ်တဲ့ ကုန်ပစ္စည်းတွေပေါ်ထွက်လာပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက်ပေါ့။ ကလေးအတွက်ခေါင်းလျှော်ရည်၊ရေချိုးဆပ်ပြာတွေ စတဲ့ အသုံးအဆောင်တွေထဲparaben မပါဘူးဆိုရင် label မှာဖော်ပြထားတတ်ပါတယ်။

ဒါ့ကြောင့် ကလေးအသုံးအဆောင်ပစ္စည်းတွေဝယ်ရင် label မှာ paraben ပါမပါ ကြည့်ပြီးစစ်ပါ။ သတိထားသင့်တဲ့ paraben ရဲ့အသုံးများတဲ့ အမျိုးအစားတွေက –

•    methylparaben
•    ethylparaben
•    propylparaben
•    butylparaben
•    isobutylparaben
•    isopropylparaben တို့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက် အသုံးအဆောင်ပစ္စည်းတွေဝယ်ယူမယ်ဆိုရင်လေဘယ်အညွှန်းမှာ အထက်ပါပစ္စည်းတွေပါမပါကြည့်ပြီးရှောင်ရှားဝယ်ယူသင့်ပါတယ်။

ကလေးအသုံးအဆောင်တွေမှာ ပါဝင်တတ်တဲ့ အန္တရာယ်ရှိဓါတုပစ္စည်းများ

ကလေးအသုံးအဆောင်တွေမှာ Paraben အပြင် ဆိုးကျိုးဖြစ်စေနိုင်တဲ့ တခြားဓါတုပစ္စည်းတွေလည်း ပါဝင်တတ်ပါတယ်။ ကလေးအသားအရေမှာ ထိခိုက်မှုဖြစ်စေတဲ့ –

•    Talc
•    Fragrance (အမွှေးနံ့ပါရှိခြင်း။ ကလေးနဲ့ ဓါတ်မတည့်တာအဖြစ်များပါတယ်)
•    Proplyene glycol
•    Formaldehyde
•    Mineral Oil
•    Triclosan တို့လိုဓါတုပစ္စည်းတွေကို သတိထားသင့်ပါတယ်။

ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေလိုမျိုးမဟုတ်ပါဘူး။ နူးညံ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ ချောမွေ့တဲ့အသားလေးတွေဟာ အသေအချာသတိမထားဘဲ အန္တရာယ်ရှိတာတွေ သုံးစွဲမိရင် အထိအခိုက်က လူကြီးတွေထက် ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့အသားအရေကို တစ်သက်လုံးထိခိုက်သွားနိုင်တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးတွေရဲ့ အသားနုနုလေးမှာ အဆိပ်သင့်ဓါတုပစ္စည်းတွေနဲ့ မထိတွေ့ရအောင် ဒီပါဝင်ပစ္စည်းတွေမပါတဲ့ ကုန်ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ။