ကလေးစားချင်စိတ်ရှိလာအောင် ဘာတွေလုပ်ပေးရမလဲ

၃ အောက်တိုဘာ

 

 

ကလေးတစ်ယောက်က ငယ်တဲ့ အရွယ်မှာဆို အစားထက် အဆော့ကိုသာပိုမက်ကြလို့  မေမေတို့ အနေနဲ့ ထမင်းကျွေးတိုင်း အမြဲခေါင်းခဲရပါတယ်။ စားတယ်ဆိုရင်တောင် ထမင်း၊ အသီးအရွက်တို့ထက် သရေစာကို ကြိုက်တဲ့ ကလေးက ပိုများပါတယ်။ ကလေးတစ်ယောက် အာဟာရမျှတအောင်စားဖြစ်ဖို့ဆိုတာ မေမေတို့နဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဒါကြောင့် ထမင်းကျွေးတိုင်း ကလေးတွေ စားချင်အောင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ခေါင်းခဲနေတဲ့ မေမေတို့အတွက် ဒီလိုမျိုးလေးတွေ လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

 

ထမင်းကျွေးချိန် သတ်သတ်မှတ်မှတ်ထားပါ။ 

 

ကလေးတစ်ယောက်ဟာ တစ်နေ့ကို ထမင်း၃ နပ်၊ သရေစာ ၂ နပ်စားရမယ့် အပြင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ အစားကို အချိန်မှန်စားဖို့ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ အစာအိမ်ရဲ့ သဘာဝကိုက ဒီနေ့ဒီအချိန်စားထားရင် နောက်နေ့ ဒီအချိန်ပြန်ရောက်တာနဲ့ ဗိုက်ဆာတတ်တာမျိုးပါ။ ဒါကြောင့် အချိန်မှန်မှန်စားပြီး အစာအိမ်ကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါမှ အချိန်ကျလာတာနဲ့ ကလေးတွေ ဗိုက်ဆာလာကြမှာဖြစ်ပြီး အစားကို သိပ်ကြေးများ မနေတော့မှာဖြစ်ပါတယ်။

 

၂နာရီခြားတစ်ခါ ကျွေးကြည့်ပါ။

 

ထမင်းတစ်နေ့ ၃ နပ် အချိန်မှန်ကျွေးတာ မရဘူးဆိုရင် ၂ နာရီခြား တစ်ခါကျွေးကြည့်ပါ။ တစ်နေ့ ၃ နပ်တောင် မရပါဘူးဆိုမှ ၂ နာရီခြားတစ်ခါ စားဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ မေးစရာ ရှိပါတယ်။ ၂နာရီခြားတစ်ခါဆိုတာ နည်းနည်းစီပဲကျွေးခိ်ုင်းတာပါ။ ဒါဟာ ကလေးရဲ့ အစာအိမ်ကို လှုံဆော်ပေးသလိုဖြစ်ပါတယ်။ အစားဝင်လာပြီဆိုတာနဲ့ ဦးနှောက် အချက်ပြစနစ်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီအချိန်မှာ အစာလုံလုံလောက်လောက် ဝင်မလာရင် ဗိုက်ဆာတဲ့ စိတ်က ပိုပြီးကြီးစိုးလာပါတယ်။  အစာစားချင်စိတ်ကို ဆွပေးတဲ့ သဘောမျိုးပေါ့။

 

 

မစားခင် အရင် သရေစာတွေကျွေးကြည့်ပါ။

 

အနောက်တိုင်း နိုင်ငံတွေရဲ့ စားသောက်မှု ပုံစံဟာ သရေစာ အရင်စားပြီးမှ အဓိကဟင်းပွဲကို စားလေ့ရှိတဲ့ ပုံစံမျိုးပါ။ သရေစာတွေ အရင်စားလိုက်တာကြောင့် အစားစားချင်စိတ်တွေ ပိုဖြစ်လာပြီး နောက်စားတဲ့ အစားတွေ ပိုမြိန်စေပါတယ်။ သင့်ကလေးကိုလည်း ဒီလိုမျိုးလေး လုပ်ကြည့်လို့ရပါတယ်။ ထမင်းမကျွေးခင် ပေါင်မုန့် အသားညှပ်လေးကျွေးတာမျိုး၊ အခွံမာ သီးလေးတွေ ကျွေးတာမျိုးတွေ လုပ်ကြည့်ပါ။ သရေစာဆိုပြီး အမြန်ရတဲ့ ကွတ်ကီးတို့ အာလူးချောင်းကြော်တို့တော့ အရင်မကျွေးနဲပေါ့။

 

ကလေးကို နွားနို့ အများကြီး မတိုက်ပါနဲ့။

 

နွားနို့က ကောင်းတယ်၊ အာဟာရတွေ အများကြီးပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစားမစားချင်တဲ့ ကလေးတစ်ယောက် အာဟာရကောင်းကောင်းမရမှာစိုးလို့ နို့ပဲဖိတိုက်တာမျိုးက ကလေးနဲ့ ထမင်းနဲ့ကို ပိုပြီး ဝေးသွားစေပါတယ်။ ထမင်းမစားခင် နို့ကို သရေစာအနေနဲ့ စားထားတဲ့ ကလေးတစ်ယောက်က  ဗိုက်ပြည့်နေတတ်ပါတယ်။ ဒါကြောင့် နို့ကို အိပ်ရာဝင်ခါနီး တိုက်တာကသာ ကလေးအတွက် အသင့်တော်ဆုံးပါ။

 

ကလေးကြိုက်တတ်တာလေးတွေနဲ့ အရင်စကြည့်ပါ။

 

ကလေးကြိုက်တာကို အရင်ကျွေးပြီး ကလေးရဲ ့ အစားစားချင်စိတ်ကို နှိုးဆွပေးလိုက်ပါ။ ဒါမှ နောက်စားမယ့် အစားတွေကို လွယ်လွယ်ကူကူကျွေးလို့ရမှာပါ။ စားသင့်တာလေးတွေ ကျွေးလိုက် ကလေးကြိုက်တာလေးတွေ ကျွေးလိုက်နဲ့ ကလေးစိတ်ပြောင်းအောင်တစ်လှည့်စီ လှည့်ကျွေးပါ။

 

အနံ့ပြင်းတဲ့ အစားအစာတွေ ကလေးတွေကို မကျွေးပါနဲ့။  

 

ကလေးတော်တော်များများက အနံ့ပြင်းတဲ့ အစားအသောက်တွေနဲ့ အရသာပြင်းတာတွေကို မကြိုက်တတ်ကြပါဘူး။ အစားမစားချင်ပါဘူးဆိုမှ အနံ့ကပါ ဆိုးနေရင် ထမင်းကျွေးလို့ကို ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးကိုကျွေးမယ့်ဟင်းထဲမှာ မဆလာတွေ၊ ကြက်သွန်ဖြူ အနံ့တွေ အများကြီးထည့်တာမျိုးကိုတော့ ရှောင်ရပါလိမ့်မယ်။ တချို့ အဆီများတဲ့ ဟင်းတွေဆိုလည်း ကလေးတွေက မြင်တာနဲ့တင်စားဖို့ ငြင်းဆန်ပါလိမ့်မယ်။ ကလေးတွေဆိုတာ ကြက်သားဆီပြန်အစား၊ ကြက်ကြော်မှ ကြိုက်တတ်ကြသူတွေလေ။

 

ကလေးကို ပေးဆော့ပါ။

 

အပြင်ထွက်ပြီးဆော့ရင် ထိခိုက်မိမှာစိုးလို့၊ အပေါင်းအသင်းမှားမှာစိုးလို့ ဆိုပြီး အိမ်ထဲမှာပဲ ဂိမ်းကစားခိုင်း၊ စာပဲလုပ်ခိုင်းတာမျိုးက မေမေတို့အနေနဲ့ မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ကလေးကို တစ်ခြားသူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက် ပြေးလွှားဆော့ခိုင်းလိုက်ပါ။ ဒါမှ လူတွေနဲ့ ပေါင်းသင်းတတ်ပြီး သင်ယူနိုင်စွမ်းမြင့်မားလာမယ့်အပြင် လှုပ်လှုပ်ရှားရှားလုပ်ရတော့ ဗိုက်လည်း ခဏခဏဆာလို့ အစာကြေးများမယ့် အချိန်တောင်ရှိမှာ မဟုတ်တော့ပါဘူး။

 

ကလေးတွေလည်း အလှကြိုက်ပါတယ်။

 

လူကြီးတွေ ပဲ အလှကြိုက်တယ် မထင်ပါနဲ့။ ကလေးတွေလည်း အလှကြိုက်တတ်ပါတယ်။ ရိုးရိုးထမင်းပန်းကန်ထက်စာရင် အရုပ်လေးတွေပါတဲ့ ထမင်းပန်းကန်နဲ့ဆို ကလေးတွေက ပိုစားချင်ကြပါတယ်။ ဒါကြောင့် ကျောင်းထမင်းဘူးလှလှလေးတွေ၊ အရုပ်လေးတွေပါတဲ့ ရေဘူးလေးတွေ၊ ထမင်းကိုလည်း စားချင်စရာကောင်းအောင် အရုပ်ပုံလေးတွေဖော်ပြီး ထမင်းဘူး ထည့်ပေးလိုက်သင့်ပါတယ်။

 

ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးပါ။

 

ကလေးဆိုတာ အရုပ်တွေဆို အင်မတန်မှ ကြိုက်တတ်တဲ့သူတွေဆိုတော့ အရုပ်ပြပြီး ဆွဲဆောင်သင့်ပါတယ်။ ထမင်းကုန်အောင်စားရင် အရုပ်ရမယ်ဆိုတာမျိုးပေါ့။ ဒါက အလိုလိုက်တဲ့နည်းပါ။ အမြဲတမ်းတော့ သူတို့လိုချင်တာတွေအကုန် လိုက်ဝယ်ပေးနေလို့ မရဘူးလေ။ တစ်ခါတစ်လေလည်း ထမင်းမကုန်ရင် ရိုက်မယ်ဆိုပြီး ခြောက်ပေးပါ။ ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့။

 

အားဆေးတိုက်ပါ။

နောက်ဆုံးအနေနဲ့ အစာစားချင်စိတ်ကို ဖြစ်စေတဲ့အားဆေးတွေနဲ့ အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာတွေ တိုက်လို့ရပါတယ်။ ဘာဆေးပဲသောက်သောက် မြန်မာနိုင်ငံ ဆေးဝါးကွပ်ကဲရေးဌာနရဲ ့ ထောက်ခံချက်အမှတ်ကိုတော့ တစ်ချက်စစ်ကြည့်ဖို့ လိုတယ်နော်။

 

ငယ်ရွယ်တဲ့ကလေးတို့ သဘာဝအရအဆော့ပဲသန်ပြီး အစားမမက်တတ်ကြတာ ထုံးစံပါ။ အစားစားချိန်ရောက်ပြီဆို ကြေးများတတ်လို့ ခေါင်းခဲနေရတဲ့ မေမေတို့ အနေနဲ့ခုပြောတဲ့ နည်းလေးတွေ စမ်းကြည့်ပါ။ ကိုယ့်ကလေး အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံဖြိုးဖို့က မေမေတို့ အပေါ်မှာ အများကြီးမူတည်နေတယ်နော်။   

 

ရေးသားသူ - Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်