ကလေးစာပေ ပွဲတော် (ပဲခူး) ပထမနေ့သို့ လာရောက်လေ့လာကြသူများ၏ ဝမ်းသာပီတိစကားသံများ

ပဲခူး  ၂၈  မတ် 
 
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပွဲတော်သို့ လာရောက်လေ့လာကြည့်ရှုကြသူများ၏ ဝမ်းသာပီတိစကားများကို စုစည်းဖော်ပြအပ်ပါသည်။

ဆလိုင်းအေးပိုင်

ပဲခူးတိုင်းဒေသကြီး အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့

 

mdn

 

ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ကပါ။  ကျွန်တော်တို့အဖွဲ့ကတော့ ကလေးစာပေပွဲတော်မှာ ချင်းရိုးရာ ဝါးညှပ်အက၊ ချင်းရိုးရာအက၊ အရှိုချင်းကလေးများရဲ့ ပုံပြောပြိုင်ပွဲနဲ့ ကဗျာပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲ ကြမှာပါ။

အခုလို ကလေးစာပေပွဲတော်ကျင်းပပေးတဲ့အတွက် ကလေးတွေရဲ့ စာပေလေ့လာမှု၊ စာဖတ်အား နဲ့ သူတို့ရဲ့ဗဟုသုတအမြင်တွေ တိုးတက်စေပါတယ်။ ဒီလိုပွဲတော်တွေ လုပ်ပေးတာ အင်မတန်ကောင်းတဲ့ အစဉ်အလာတစ်ခုလို့ မြင်ပါတယ်။ 

နောက်ပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ကပွဲတွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာပုံပြင်၊ ရိုးရာကဗျာပြိုင်ပွဲတွေ ထည့်သွင်းပြီးတော့ အလေးထား ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ တကယ့်အစဉ်အလာကောင်း  တစ်ရပ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းတွင်းမှာနေတဲ့ ပဲခူးတိုင်းသားတွေရော  ပြည်ပရောက် အရှို ချင်းတိုင်းရင်းသားများအနေနဲ့ ဒီလိုတိုင်းရင်းသားတွေ ဒီလိုပွဲတော်မျိုးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။  ပဲခူးတိုင်းမှာ နိုင်ငံတော်အဆင့် ဒီလိုပွဲမျိုးကို လာရောက် ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း ကိုယ့်တိုင်းထဲမှာမှ မဟုတ်ဘူး၊ တခြားတိုင်းဒေသတွေမှာလုပ်ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ ပါဝင်ပြီး သွားရောက်ပေးဖို့ အစီအစဉ်ရှိပါတယ်။

ဒေါ်ယုယုအေး(ဆရာမ)
အ.ထ.က ၃ ပဲခူး

 

mdn

 

ကျွန်မတို့ ပဲခူးတိုင်းမှာ ခုလိုခမ်းခမ်းနားနား ပွဲတော်ကျင်းပပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ ကလေးတွေအတွက် စာပေလေ့လာချင်စိတ်ဖြစ်ပေါ်စေပါတယ်။ ကလေးတွေ အားလုံး ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မတို့အနေနဲ့ ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်မကျောင်းက ကလေးတွေကတော့ ဒီပွဲတော်မှာ အက၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနဲ့ ဘင်ခရာအဖွဲ့မှာလည်း ပါပါတယ်။ ကလေးတွေ စာများများဖတ်လာအောင် ဖန်တီးပေးတဲ့အတွက် ကလေးစာပေပွဲတော်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဆရာမတွေ ဘက်ကလည်း တတ်နိုင်သလောက် တစ်တပ်တစ်အား ပါဝင်ကူညီပေးထားပါတယ် ကလေးတွေလည်းပျော်ကြပါတယ်။ ကလေးတွေ ပျော်ရွှင်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

mdn

 

ခွန်အုံးကျော်
ဒိုက်ဦးမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့

ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားယဉ်ကျေးမှုအက၊ တိုင်းရင်းသားပုံပြင်ပြောပြိုင်ပွဲနဲ့ တိုင်းရင်းသား ကဗျာရွတ်ပြိုင်ပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ ၃ ရက်ဆက်တိုက် ဖျော်ဖြေမှာပါ။ ဒီပွဲတော်မှာ ကျွန်တော်တို့အဖွဲ့က အားလုံးပေါင်း ၉၀ လောက် ပါဝင်သွားမှာပါ။ ကလေးစာပေပွဲတော် ကျင်းပတဲ့အတွက် ကလေးတွေဟာ ဗဟုသုတတွေ၊ အတွေ့အကြုံတွေလည်းရမယ်၊ အတွေးသစ် အမြင်သစ်တွေလည်းရမယ်။  တိုင်းရင်းသား ညီအစ်ကိုမောင်နှမ တွေနဲ့လည်း ဆုံဆည်းရတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း ပျော်ပျော်ပါးပါး ဆုံတွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အသိအမြင် မကျယ်သေးတဲ့ တိုင်းရင်းသားလေးတွေကို နောက်နောင် ပွဲတွေမှာလည်း ဦးစားပေးပြီးတော့ များများလေး ခေါ်ပေးပါလို့ အကြံပြုချင်ပါ တယ်ခင်ဗျ။ ကလေးစာပေပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကလေးတွေအတွက် ဗဟုသုတတွေလည်း အများကြီး ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်ခင်ဗျာ။

 

mdn

 

ဒေါ်ငြိမ်းငြိမ်းအေး (မိဘတစ်ဦး)
ပဲခူးတိုင်းဒေသကြီး

ကျွန်မ ကလေးက ရိုးရာသိုင်းသရုပ်ပြထဲမှာပါတာပါ။ ကလေးတွေအတွက် မြန်မာ့အနုပညာလက်ရာကို ချစ်ခင်မြတ်နိုးစေတတ်တဲ့စိတ် ဖြစ်ပေါ်လာစေတယ်။ ပြီးတော့လည်း ကလေးတွေရဲ့ စာပေကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်လေးကို ပိုပြီးတော့ နိုးကြားလာစေတယ်လို့ ခံစားရပါတယ်။ ကလေးတွေလည်း စိတ်ချမ်းသာ ပျော်ရွှင်စေပါတယ်။ မိဘတွေလည်းစိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။  အရင်တုန်းက ရန်ကုန်နဲ့ အခြားတိုင်းဒေသကြီး/ ပြည်နယ်တွေမှာ လုပ်တာတော့ မြင်ရကြားဖူးပါတယ်။ ဒီလိုနိုင်ငံတော်အဆင့် ပွဲမျိုးကို ပဲခူးမှာ ကျင်းပပေးတာ ဒါပထမဆုံးအကြိမ်ပါ။ နောက်လည်း ဒီလိုပွဲမျိုးတွေ ဆက်ပြီးကျင်းပပေးရင် ကလေးတွေ အတွက်ပိုကောင်းမယ်လို့ထင်ပါတယ်။ ဆက်ပြီး ကျင်းပပေးစေချင်ပါတယ်။ ကလေးတွေရဲ့ပျော်ရွှင် လွတ်လပ်နေတာကို ကြည့်ပြီးတော့ မိဘတစ်ယောက်အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ်။ 


မောင်ချစ်မင်းဦး
အ.ထ.က(၂) ပဲခူးမြို့

 

mdn

 

ဒီနည်းပညာပြခန်းမှာ ထူးဆန်းတာတွေ အများကြီးတွေ့ရပါတယ်။ AR နဲ့ VR နည်းပညာအကြောင်း လေ့လာခွင့်ရသလို 3D ပုံစံနဲ့ ပြသထားတဲ့အတွက် အရမ်းစိတ်ဝင်စားပါတယ်။  လာရောက်လေ့လာတဲ့ကလေးတွေ သူငယ်ချင်းတွေအတွက် အများကြီးအကျိုးရှိပါတယ်။ အခုလိုမျိုး တွေ့ရမြင်ရ သိရတဲ့အတွက် အခြားနိုင်ငံက လူတွေနဲ့ ရင်ဘောင်တန်းနိုင်သလိုမျိုး ခံစားရပါတယ်။ ဒီပြခန်းကို မသိသေးတဲ့ လူတွေကိုလည်း သွားရောက်လေ့လာကြပါလို့  တိုက်တွန်းချင်ပါတယ်။ ကျွန်တော်အတွက်တော့ ဒီပြခန်းကို ဒီနေ့မှ ပထမဆုံးတွေ့ဖူးတာပါ။ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီလိုမျိုး လေ့လာခွင့်ရတဲ့အတွက် ကိုယ့်ကိုကိုယ်လည်း ပီတိ ဖြစ်ပါတယ်။ ပျော်လည်းပျော်တယ်။ စိတ်လည်းဝင်စားတယ်။ နည်းပညာပိုင်းတွေကို စိတ်ဝင်စားတာကြောင့် ထူးဆန်းတာတွေ အကုန်လုံးလည်း မြင်ချင် တွေ့ချင်ပါတယ်။ 

ကိုကျော်ဇေယျာထွန်း
Marketing Supervisor

 

mdn

 

ဒီကလေးစာပေပွဲတော် လာရောက်တဲ့သူတွေကို ကျွန်တော်တို့ မားမားခေါက်ဆွဲခြောက်က စတုဒီသာလာကျွေးတာပါ။ ကလေးတွေအတွက် ဒီလိုပွဲတော် ကျင်းပပေးတာကောင်းပါတယ်။ ကလေးတွေအနေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်လို့ရသလို စာလည်းဖတ်ဖြစ်တာပေါ့။ ကလေးတွေအတွက် ဗဟုသုတလည်းရပါတယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းက အခုလို စာပေပွဲတော် မရှိခဲ့ဘူး၊  လိုချင်တဲ့စာအုပ်ရဖို့ဆိုတာလည်း နည်းနည်းခက်ခဲတယ်။  အခုကလေးတွေက တော်တော်ကို ကံကောင်းပါတယ်။ အခု ပွဲတော်မှာစီစဉ်ပေးထားတာ တော်တော်များများ ပြည့်စုံပါတယ်။ ကလေးတွေအတွက်လိုအပ်တာမှန်သမျှ အစိုးရအဖွဲ့အစည်းတွေက တတ်နိုင်သလောက် လိုက်လုပ်ပေးနေတာတွေ့ရပါတယ်။ အရင်ထက်စာရင်တော့ အများကြီးတိုးတက်လာပါတယ်။ ကလေးတွေလာလို့ ဗိုက်ဆာရင် အာဟာရပြည့်ဝအောင် စတုဒီသာကျွေးရတဲ့အတွက်  ဝမ်းလည်း ဝမ်းသာတယ်။ ပီတိလည်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ ပင်ပန်းတယ်ဆိုပေမယ့်လည်း ကလေးတွေစားသောက်တာမြင်ရတော့  ပိုပီတိဖြစ်ရပါတယ်။

 

mdn

 

မအိမီမီအောင်
အ.လ.ကခွဲ (ဇိုင်းတောင်မဖွားကျောင်း)

ကလေးစာပေပွဲတော်ကို ဆရာမတွေ သူငယ်ချင်းတွေနဲ့ လာခဲ့တာပါ။ ပွဲတော်မှာ တွေ့ရတာကတော့ အများကြီးပဲ။ သုတဉာဏ်စမ်းဖြေတာတွေ၊ ကွန်ပျူတာနဲ့ မေးခွန်းဖြေတာတွေ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ မေးခွန်းဖြေတာတွေ၊ ကျားကွက်ရွှေ့တာတွေ၊ အရုပ်တွေ တင်ပြီးဆော့တာတွေ၊ မြှားပစ်တာ တွေတွေ့ခဲ့တယ်။ အကုန်လုံးကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း ရခဲ့ပါတယ်။ ကွန်ပါဘူး၊ စာအုပ်၊ ဘောပင်နဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရုပ်ပြပုံလေးတွေလက်ဆောင်ရပါတယ်။ ပွဲတော်ကို လာရတာပျော်ပါတယ်။ ပျော်စရာတွေ ကြည့်စရာတွေ ဗဟုသုတရစရာတွေ အများကြီးရှိတာကြောင့် သူငယ်ချင်းတွေ ကိုလည်း ဒီကလေးစာပေပွဲတော်ကို လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း- ရူပါ
သတင်းဓာတ်ပုံ- ဝေလျှံ၊ ရဲမိုး