ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (ရန်ကုန်) ဒုတိယနေ့ ပိုမိုစည်ကားသက်ဝင်

ရန်ကုန်  ၇  ဇန်နဝါရီ 

 

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ရန်ကုန်)ကို ကျင်းပလျက်ရှိရာ ဒုတိယနေ့ဖြစ်သည့် ယနေ့အများပြည်သူရုံးပိတ်ရက် တနင်္ဂနွေနေ့တွင် ပွဲတော်ကျင်းပသည့် ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း (စိန့်ပေါလ်)၌  ပထမနေ့ကထက်ပင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် လာရောက်ကြည့်ရှုလေ့လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားသက်ဝင်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

 

အထက(၃)ဗိုလ်တထောင်မှ တာဝန်ကျဆရာမ ဒေါ်ခိုင်မာဦးက “ဒီနေ့က ပိုပြီးစည်ကားတာတွေ့ရတယ်။  တာဝန်ကျချိန် မနက် ၇ နာရီခွဲကတည်းက အခြားမြို့နယ်က အခြေခံပညာကျောင်းတွေနဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းတွေက ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ မိဘအုပ်ထိန်းသူတွေ လာကြတာ ကြိတ်ကြိတ်တိုးပါပဲ။ ကလေးစာပေပွဲတော်သာမက အားကစားပြိုင်ပွဲတွေလည်း ရှိနေတာကြောင့် ကလေးတွေပိုပြီး စိတ်ဝင်စားကြတယ်”ဟု ပြောသည်။

 

စက္ကူခေါက်ပြိုင်ပွဲကြီးကြပ်သူ ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြင်သန်း က“ လာပြိုင်တဲ့ အခါ ကလေးတွေစိတ်ကြိုက်အရုပ်ခေါက်ရပါတယ်။ စက္ကူခေါက်တဲ့အခါမှာ သတ်မှတ်တဲ့ စာရွက်ရှိပါတယ်။ စက္ကူခေါက်နည်းက ဂျပန်ရဲ့နည်းပညာပါ။ သူတို့ သတ်မှတ်တဲ့ စက္ကူပေးတယ်။  ကော်မသုံးဘဲ ကပ်ကျေးမသုံးဘဲ အရုပ်တွေဖြစ်အောင် လုပ်တာပါ။   ပြိုင်ပွဲက စိတ်ဝင်စားတဲ့ကလေးတိုင်း  ဝင်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။    ဆုတွေလည်း ချီးမြှင့်ပေးနေပါတယ်”ဟုပြောသည်။

 

 

ထို့ပြင်  ပုံပြင်ပြောပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို အောင်ကျော်ခန်းမ၌ ကျင်းပသည်။ ကျောင်းအောက်ထပ် အခန်း၌ စက္ကူခေါက်ပြိုင်ပွဲများနှင့် ပန်းချီဆရာများက ကလေးများကို ရေဆေးဖြင့် လက်တွေ့ပန်းချီရေးဆွဲခြင်းများဖြင့် စည်ကားလျက်ရှိသည်။


ကလေးများအတွက် ဂိမ်းကစားပွဲများကို အောင်ကျော်ခန်းမရှေ့၌ Team Building ဂိမ်းများ၊ ခွက်ခင်းလမ်းလျှောက်၊ သုံးယောက်တွဲလမ်းလျှောက်၊ ပူပေါင်းညှပ် လမ်းလျှောက်၊ ခါးလှည့်ကွင်းလှည့်၊ ဂေါက်သီးဂိုးသွင်းကစားပွဲများ၊  ပင်မဆောင် အပေါ်ထပ်၌ စကားပုံဆက်ကစားခြင်း၊ အရုပ်ဆက်ကစားပွဲများ၊ အားကစားကွင်းအတွင်း၌ ဘောလုံးနှင့် ထုပ်ဆီးတိုးအားကစားပြိုင်ပွဲများကို အသီးသီး ကျင်းပလျက် ရှိသည်။

 

(ILBC)မှ သိပ္ပံဌာနမှူး ဒေါက်တာခင်သန်းနွယ်ကလည်း“ ကျွန်မတို့သိပ္ပံပြခန်းအနေနဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သင်္ချာနဲ့ပတ်သက်တဲ့ပြခန်းတွေကို ပြသထားပါတယ်။ လာရောက်တဲ့ ကျောင်းသူ ကျောင်းသားတွေ စိတ်ဝင်စားမှုအရမ်းများပါတယ်။ သူတို့ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်ချင်စိတ်ပြင်းပြတာတွေ့ရပါတယ်။ ကလေးစာပေပွဲတော်မှာ   ILBC ကျောင်း အနေနဲ့ တစ်တပ်တစ်အားပူးပေါင်း ပါဝင်ဆင်နွှဲ ခွင့်ရတဲ့အတွက်  ဝမ်းသာဂုဏ်ယူမိပါတယ်။ နောင်ဒီလိုမျိုးပွဲတွေ လုပ်ရင်လည်း ကူညီဖို့ အဆင်သင့်ပါ”ဟုဆိုသည်။

 

သုဝဏ္ဏမြို့နယ်မှ ကိုဖြိုးကလည်း “ကျွန်တော့်သားလေးကို     မြို့တော် စည်ပင်က  စည်းကမ်းတကျအမှိုက်သိမ်းပုံ ၊  ကျောက်ဆည်ဆင်အက၊ ကျောင်းတွေက သိပ္ပံပြခန်းတွေ လိုက်ပြတာပါ။  ဒီလိုပွဲတော်တွေကျင်းပပေးခြင်းဖြင့် နောင်အနာဂတ် တိုင်းပြည်အတွက် အကျိုးရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါမယ်လို့ ထင်ပါတယ်”ဟုပြောသည်။

 

 

ဖျော်ဖြေရေးအစီအစဉ်တွင် တစ်တပ်တစ်အားပါဝင်သည့် အမေ့အိမ်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် အဆင့်မြင့်ဘော်ဒါမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ဖျော်ဖြေရေးကဏ္ဍမှာ အခမ်းအနားအစီအစဉ်တင်ဆက်သူအနေနဲ့ ပါဝင်ပြီး ကျောင်းသားမိဘတွေ ကျောင်းသားကျောင်းသူတွေကို စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးနဲ့ မြန်မာ့ရိုးရာကိုယ်လက်လှုပ်ရှားကစားနည်းတွေရဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးပါ တယ်။ နောင်ကိုလည်း ကလေးစာပေပွဲတော်တွေမှာ စွမ်းစွမ်းတမံကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်”ဟုပြောသည်။

 

စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများကိုလည်း သိပ္ပံလက်တွေ့စမ်းသပ်ခန်း၌ ကျင်းပကာ ကာတွန်းဇာတ်ကောင်ဖန်တီးခြင်း၊ ကလေးများဖတ်ဖို့၊ ကျောင်း စာကြည့် တိုက်များဖွံ့ဖြိုးတိ်ုးတက်ရေး စသည့်ခေါင်းစဉ်များဖြင့် စာပေပညာရှင် ဆရာ ဆရာမများ က ဟောပြောဆွေးနွေးကြသည်။

 

ဖျော်ဖြေရေးအစီအစဉ်များကိုလည်း နံနက် ၉ နာရီခွဲမှ ည ၈ နာရီအထိ အောင်ဆန်း ခန်းမ၊ ပင်မဆောင်ရှေ့၊ ဘောလုံးကစားကွင်းတို့၌  ကျင်းပလျက်ရှိသည်။

 

သတင်းနှင့် ဓာတ်ပုံ-ဥမ္မာ၊ စန္ဒီ