ကလေးစာပေပွဲတော် (ပူတာအို) စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

ပူတာအို ၁၈  မတ် 

 

ကလေးစာပေပွဲတော် (ပူတာအို) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌  ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာ ဦးစီးဌာနနှင့် ကချင်ပြည်နယ်အစိုးရ၊ ပူတာအိုခရိုင်စီမံခန့်ခွဲမှု ကော်မတီနှင့် အလှူရှင်တို့ ပူးပေါင်း၍ ကျင်းပသည့် ကလေးစာပေပွဲတော် (ပူတာအို) ဖွင့်ပွဲအခမ်းအနားကို ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမရှေ့ မျက်နှာစာတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်လင်၊ ကချင်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့် ထူးချွန်ကျောင်းသား ကျောင်းသူ သုံးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး  ကျောင်းသား၊ ကျောင်းသူလေးများ၏ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့တို့က တီးမှုတ် ကပြကြသည်။

 

DSC0

 

ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသားကျောင်းသူများနှင့်အတူ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ ဖုန်ကန်ရာဇီခန်းမအတွင်း၌ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ပူတာအိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ကလေးစာပေပွဲတော် Theme Song” သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံမြောက်ဖျားဒေသရှိ ပူတာအိုမြို့တွင် ကလေးစာပေပွဲတော် ကျင်းပနိုင်ရေးအတွက် အထူးတန်ဖိုးထားပြီး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ကလေးစာပေပွဲတော်(ပူတာအို)ကို အလေး ထားပြီး  ပညာရေးဝန်ကြီးနှင့်အတူ ရောက်ရှိအောင် လာရောက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကလေးစာပေပွဲတော်များကို ရည်ရွယ်ချက်(၃)ရပ်ဖြင့် စီစဉ်ဆောင် ရွက်ခြင်း ဖြစ်ပါ ကြောင်း၊ ပထမအချက်မှာ ကလေးများ ပျှော်ရွှင်စေရန်ဖြစ်ပြီး ကလေးဘဝမှစ၍ ပျှော်ရွှင်မှုကို ရရှိစေလိုပါကြောင်း၊ ကလေးများရေရှည်ပျှော်ရွှင် မှုကို ရရှိစေရန်အတွက် စာပေနှင့်တွဲဖက်ပေးခြင်းဖြစ်ပါကြောင်း၊ ကလေးဘဝမှစ၍ စာပေတွင် အာရုံညှိပြီး စဉ်ဆက်မပြတ် စာပေဝါသနာပါ ကာ  ရာသက်ပန်တန်ဖိုးရှိစေလိုပါကြောင်း၊ ဒုတိယရည်ရွယ်ချက်မှာ ကလေးများ စာအုပ် စာပေတွင် စိတ်ဝင်စားမှုဖြင့် ပျော်ရွှင်လာစေရန် ဖြစ်ပါကြောင်း၊ တတိယ ရည်ရွယ်ချက်မှာ ကလေးများ အများနှင့်စုပေါင်းလုပ်ဆောင်တတ် သည့် အလေ့ အထနှင့် ပူးပေါင်းပါဝင် လိုစိတ်များ ရရှိစေရန် ဖြစ်ပါကြောင်း။

 

DSC0

 

 ကလေး စာပေပွဲတော်သို့ တက်ရောက်လာကြသည့် ကလေးများ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပွဲတော်တွင် ထည့်သွင်းထားသော ကဏ္ဍများ အလိုက် ကိုယ်တိုင်ပါဝင်ဆင်နွှဲ စေလိုပါကြောင်း၊ ပွဲတော်တွင် ပါဝင်ဆင်နွှဲမှုမှ တစ်ဆင့် ပွဲတိုးသည့် အတွေ့အကြုံများရရှိပြီး ရဲဝံ့လာမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူတော် လူကောင်းများဖြစ်အောင် မြေတောင်မြှောက်ပေးခြင်း ဖြစ်ပါကြောင်း၊

 

ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များဖြင့် စတင်ပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ဝန်ကြီးဌာနများစွာမှ ပူးပေါင်းပါဝင်လာ ပါကြောင်း၊ အထူးသဖြင့် ဌာနဆိုင်ရာပြခန်းများ တိုးတက်ပါဝင်လာခြင်း ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်(ပူတာအို)တွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေ ခဲ့သော စာအုပ်ပေါင်း (၄၂၆၃)အုပ် ကို ခင်းကျင်းပြသထားပါကြောင်း၊ ပူတာအို ဒေသသို့ ခက်ခဲစွာရောက်ရှိလာသော ၎င်းစာအုပ်များကို ပြန်လည်သယ် ဆောင်ခြင်း မပြုဘဲ ပူတာအိုခရိုင်အတွင်းရှိ ပြည် သူများ ဖတ်ရှုနိုင်ရန် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အလှူရှင်တို့ က ကျခံလှူဒါန်းပြီးဖြစ်ပါကြောင်း၊ ၎င်းစာအုပ်များကို ပူတာအိုခရိုင်အတွင်းရှိ ပြည်သူများ ငှားရမ်းဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပွဲတော်လာ ပရိသတ်များအနေဖြင့် ၎င်းစာအုပ် များကို ကြည့်ရှုရုံမျှသာမကဘဲ ငှားရမ်းဖတ် ရှုနိုင်အောင် ရွေးချယ်မှတ်သားပြီး အနည်း ဆုံး စာအုပ်တစ်အုပ်နှုန်း ဖြင့် ဖတ်ဖြစ် အောင် ဖတ်ရှုစေလိုပါကြောင်း၊ “စာဖတ်သည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်း အောင်မြင် တိုးတက်ကြီးပွားကြသည်”ဆိုသကဲ့သို့ စာပေဖတ်ရှုကြ ရန် တိုက်တွန်းပါကြောင်း နှင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ 

 


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ကလေးများ ယခုကဲ့သို့ စာပေပွဲတော်တွင် လာရောက်ပြီး စာဖတ်ပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲတွေ၊ ပုံပြောပြိုင်ပွဲတွေ၊ စာအုပ်ဈေးရောင်းပွဲတော်များ စသည်ဖြင့် ပါဝင်ဆင်နွှဲကြတယ်၊ အရုပ်တွေ ဆက်ကြတယ်၊ အားကစားပွဲများတွင် ပါဝင်ကြတယ် ၊ ကပွဲများတွင် ပါဝင်ကြတယ် ၊ ယင်းမှာ အရေးကြီးပါကြောင်း၊ ကလေးများ စာဖတ်တတ်ရန် ပညာရေးဝန်ကြီးဌာနက အဓိက တာဝန်ရှိပါကြောင်း၊ ဒီလိုလာရောက်ပြသသည့်စာအုပ်များကို ဖတ်နိုင်ရန် ၊ ပျော်ရွှင်နိုင်ရန်အတွက် စာဖတ်တတ်ရန်၊ ကျောင်းနေနိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံမူဝါဒသည် မည်သည့်ခွဲခြားမှုမှ မရှိဘဲ ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ မချန်ထားဘဲ ကျောင်းထွက်သူလုံးဝမရှိဘဲ ကျောင်းနေအရွယ် ကလေးတိုင်း မူလတန်းပညာသင်ယူပြီးမြောက်ရန် အင်မတန်အရေးကြီးပါကြောင်း၊ ဒီလိုဒေသမျိုးအနေဖြင့် ဦးစားပေး ပညာရေး  လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ အခုလို ဒေသမျိုးတွင် ဆရာဆရာမများက သွားရေး လာရေး ခက်ခဲသော်လည်း ကလေးများကို စာတတ်အောင် သင်ကြားပေးနေပါကြောင်း၊ မူလတန်း ကျောင်းသားကျောင်းသူအားလုံး  မူလတန်းပညာသင်ယူပြီးမြောက်စေရေး ဖြစ်ပါကြောင်း၊ ထို့ပြင် တတိယတန်းပြီးသော ကျောင်းသားကျောင်းသူတိုင်းသည် စာဖတ်တတ်ရန်အရေးကြီးပါကြောင်း၊ စာဖတ်တတ်ပြီး ဖတ်ပြီးလျှင် အကျိုးအကြောင်း အကောင်းအဆိုးကို ဆွေးနွေးပြောကြားနိုင်စွမ်းရှိသော ဖတ်တတ်ခြင်းမျိုးကို ပြောခြင်း ဖြစ်ပါကြောင်း ၊ တိ်ုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေများ    ယဉ်ကျေးမှုများကို ထိန်း သိမ်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနေဝင်းက ကချင်ပြည်နယ်နှင့် ပူတာအိုမြို့တွင် ကလေးစာပေပွဲတော် ကျင်းပနိုင်ရန် စီစဉ်ပေးမှုအတွက် ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

 

DSC0

 

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ကျင်းပရာ အ.ထ.က(ပူတာအို)မှ ကျောင်းသား၊ ကျောင်းသူများက “သွေးချင်းများပီပီ သီချင်း”ဖြင့်လည်းကောင်း၊ အ.ထ.က (ဒုတ္တန်)မှ ကျောင်းသားကျောင်းသူများက “မနောမြေမှ တေးသံသာ” သီချင်းဖြင့်လည်း ကောင်း၊ အ.ထ.က (လေယာဉ်ကွင်း)မှ ကျောင်းသား ကျောင်းသူများက “သွေးချင်းတို့ ဌာနေ မြန်မာပြည်” သီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော်သို့ တက်ရောက်လာကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြ သည်။

 

ဆက်လက်၍ အ.ထ.က (ပူတာအို)တွင် ကျင်းပလျက်ရှိသည့် ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြော၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နေကြသည့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ရဝမ်၊ လီဆူ၊ ဂျိမ်းဖောနှင့် တိုင်းခမ်းတီရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှု ပြခန်းများအား လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနရှိ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာပေးပြခန်းအား လည်းကောင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာနရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်၊ လူကုန်ကူး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်းအား လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနရှိ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ပြခန်းများအားလည်း ကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ စားသုံးသူရေးရာဦးစီးဌာနပြခန်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးပေးခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ဆက်လက်၍ တိုင်းရင်းသားရိုးရာ ဒေသထွက်ကုန် အရောင်းဆိုင်များနှင့် စာအုပ် အရောင်းဆိုင်များအား လည်းကောင်း၊ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲ ကျင်းပမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ကလေးစာပေပွဲတော် (ပူတာအို)ကို မတ် ၁၉ ရက်အထိ   ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီ ခန်းမနှင့် အထက(ပူတာအို)တို့တွင် ကျင်းပလျက်ရှိရာ ပူတာအိုဒေသရှိ ရဝမ်၊ လီဆူ၊ ဂျိမ်းဖော၊ ရှမ်းတိုင်းရင်းသား ကလေးငယ်များကလည်း တိုင်ရင်းသားဘာသာစကားများဖြင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မှုနှင့်အတူ ရိုးရာယဉ်ကျေးမှု အဆို၊ အတီး၊ အကတို့ဖြင့်လည်း ပါဝင်ဖျော်ဖြေလျက် ရှိသဖြင့် ဒေသခံပြည်သူများမှ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် အတူ ပွဲတော်မှာ စည်ကားသိုက်မြိုက်လျက်ရှိနေသည်။

 

ခရိုင် ပြန်/ဆက်

 

ဓာတ်ပုံ - လင်းဟန်ဇေ

 

ge DSC0