ကလေးစာပေပွဲတော်ကိုရန်ကုန်မြို့တွင် စည်ကားစွာ ကျင်းပသွားမည်

ရန်ကုန်  ၃၀  ဒီဇင်ဘာ


ကလေးစာပေပွဲတော်ကို ရန်ကုန်မြို့ရှိ အ.ထ.က(၆) ဗိုလ်တထောင်တွင်  ဇန်နဝါရီ ၆ ရက်မှ ၈ ရက် အထိကျင်းပသွားမည်ဖြစ်ရာ ကလေးစာပေပွဲတော် ကျင်းပရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာ၌ စာပေပွဲတော်များတွင်  စာအုပ်စာပေများ ခင်းကျင်းပြသသကဲ့သို့ တစ်ပြိုင်တည်းတွင် စိတ်အားထက်သန်သည့် ပရိသတ်များကို စာအုပ်စာတမ်းများ ရောင်းချပါကြောင်း၊  စာအုပ်ဈေးရောင်းပွဲနှင့်  စာပေပြပွဲ နှစ်ခုတွဲပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ  မိမိတို့ တိုင်းပြည်တွင် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် အားပေးမှုရရှိခြင်းဖြစ်ပါကြောင်း၊ ယခုပိုကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


ယနေ့ကမ္ဘာကြီးတွင်  စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်နေပါကြောင်း၊  အသစ်အသစ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေပါကြောင်း၊  Knowledge Age ၊ Information Age ဖြစ်ပါကြောင်း၊  ယနေ့ မလေ့လာပါက  ယနေ့မှစပြီး ကျန်သည့်သူများထက် နောက်ကျသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမြဲလေ့လာဆည်းပူးနေရန်၊ ရှာဖွေ ဖတ်ရှုနေရန် လိုပါကြောင်း၊ လူတစ်ယောက် စာဖတ်ရန်မှာ  ဝါသနာပါမှ ဖတ်မည်ဖြစ် ပါကြောင်း၊  မဖတ်ရမနေနိုင်သည့် စိတ်မျိုးရှိမှသာ လိုက်ပြီး ဖတ်မည်ဖြစ်ပါကြောင်း၊ ငယ်ရွယ်စဉ် ကာလတွင် စာအုပ်စာပေကို စိတ်ဝင်စားသွားအောင် ဖန်တီးပေးနိုင်လျှင်၊  ထိုကလေးများ၊ လူငယ်များသည် ငယ်ရွယ်စဉ် ကတည်းက စာဖတ်ဝါသနာ ရင်ထဲကိန်းအောင်းသွားလျှင် အသက်ကြီးလာချိန်တွင် စာအုပ်စာပေ ဖတ်ရှုသည့် အလေ့အထ များသွားမည်ဖြစ်ပါကြောင်း။


ယခုစာပေပွဲတော်တွင် စုပေါင်းလှုပ်ရှားရသည့် ကစားနည်းများ၊ ပြိုင်ပွဲများ၊  အကအခုန်များ၊ ကျောင်း အသီးသီးမှ  ဖျော်ဖြေရေးအစိီအစဉ်တွေလည်း ပါမည်ဖြစ်သဖြင့်  ထိုကလေးများသည် တစ်ယောက်ချင်းစီသာ မဟုတ်ဘဲ အများနှင့်၊ ကျောင်းမှ အသင်းအဖွဲ့အစုနှင့်  ဝိုင်းဝန်းဆောင်ရွက်ရသည့်အလုပ်ကို ပျော်ရွှင်နှစ်ခြိုက်သည့် အလေ့အထရသွားမည်ဆိုလျှင်  ထိုကလေးများသည် လူ့အသိုင်းအဝိုင်းအတွင်း အထီးကျန်နေခြင်းမျိုး၊ လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်နေခြင်းမျိုး မလုပ်တော့ဘဲ မိမိနေထိုင်သည့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို သာသာယာယာ ၊ စည်စည်ကားကားဖြစ်အောင် ကိုယ်လည်း ပါဝင် ဆောင်ရွက်မည်ဆိုသည့် စိတ်ဓါတ်ဖြစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


"ကလေးတွေမှာ စာဖတ်တဲ့ ဝါသနာကိန်းအောင်းသွားဖို့နဲ့ နောက်တစ်ခုက အများနဲ့စုပေါင်းပြီး အများနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ ပါဝင်တတ်တဲ့စိ်တ်ဓါတ်၊ အလေ့အကျင့်ရရှိသွားဖို့ ဖြစ်ပါတယ်။ အဲဒီလို  ရရှိသွားမယ်ဆိုရင် ကလေးတွေသည် စာဖတ်ခြင်းကြောင့်ရရှိတဲ့ အသိပညာဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ တစ်ချိန်တည်းမှာ အများနဲ့ ဆက်ဆံပေါင်းသင်းပြီး လုပ်တတ်ကိုင်တတ်တဲ့အတွက် လူရည်လူသွေး၊ လူစွမ်းလူစတိုးတက်မှုတွေကြောင့်  ဉာဏပိုင်းရော မိတ္တဗလပိုင်းရော ပေါင်းသင်းဆက်ဆံရေး၊ စုပေါင်းလုပ်ဆောင်တတ်တဲ့အလေ့အကျင့်၊ အတွေ့အကြုံ  ပြည့်စုံသွားပြီဆိုရင် အနာဂတ်မှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း၊  နိုင်ငံကို ဦးဆောင်နိုင်တဲ့ လူငယ်တွေဖြစ်လာလိမ့်မယ်ဖြစ်ပါတယ်။  ကလေးများ စာဖတ်ဝါသနာကိန်းအောင်းသွားဖို့၊ ကလေးတွေ အများနဲ့ စုပေါင်းပြီး လုပ်ဆောင်တတ်အလေ့အကျင့်ရသွားဖို့၊   နိုင်ငံတော်အဆင့်အသီးသီးမှာ  ဦးဆောင်နိုင်တဲ့ အရည်အသွေးတွေရရှိသွားဖို့ ရည်ရွယ်ကျင်းပ တာဖြစ်ပါတယ်။ အခုဆိုရင် အမြို့မြို့အနယ်နယ်မှာ ကျင်းပတဲ့ အရေအတွက်များနေပါပြီ၊ ရန်ကုန်မှာကျင်းပမယ့် ပွဲကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းမယ့်၊  ပိုပြီးပြည့်စုံခမ်းနားမယ့်၊ စည်ကားသိုက်မြိုက်မယ့်၊ အများစိတ်ဝင်စားမယ့် ပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲနိုင် က ပွဲတော် ကျင်းပရေးအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ပွဲတော်ဖြစ်မြောက်ရေးဆပ်ကော်မတီများနှင့် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။


ကလေးစာပေပွဲတော်(ရန်ကုန်)ကို ကလေးများစာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာရန် ၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


ကလေးစာပေပွဲတော်များကိုနေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသကဲ့သို့  ရန်ကုန်မြို့တွင် ကျင်းပမည့် ကလေးစာပေပွဲတော်တွင်လည်း ပုံပြင်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက်နှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲများ ၊ နေ့စဉ် စာပေဟောပြောပွဲများ၊ ဂိမ်းကစားပွဲများနှင့်ဖျော်ဖြေရေးအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။


ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် အဖွဲ့သည်  ကလေးစာပေပွဲတော် ကျင်းပမည့် အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းဝန်းအတွင်း    ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကလေးစာပေပွဲတော်ကို  ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရသည်။

 

(သတင်းစဉ်)