ကလေးစာပေပွဲတော်ပထမနေ့ ပွဲတော်လာရောက်သူများဖြင့် စည်ကားများပြား

တာချီလိတ် ၂၅ ဇွန် 


       
ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ပထမနေ့ကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နံနက်ပိုင်းမှ ပွဲတော်ပိတ်သိမ်းချိန် ညနေ ၅ နာရီအထိ လာရောက်လေ့လာသူများ၊ ပါဝင်ဆင်နွှဲသူများနှင့် စည်ကားများပြားလျက်ရှိသည်။

 

ပွဲတော်တွင် တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ကျောက်ဆည်မြို့ ရိုးရာဆင်အကအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ပွဲတော်လာရောက်သူများက အားပေးကြည့်ရှုကြသည်။

 

ထို့ပြင် ပွဲတော်သို့ လာရောက်ကြသည့် ကလေးများအတွက် စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများနှင့် စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်းပြိုင်ပွဲများကိုလည်း ထည့်သွင်းထားသည်။

 

ပွဲတော်ပထမနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာ မောင်လင်းရိပ်က “စာဖတ်ခြင်းနှင့် ဓလေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဇေယျာက “လူငယ်နှင့် အိပ်မက်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး စာပေစကားဝိုင်းတွင် “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် စာရေးဆရာ ဦးအေးမောင်ကျော်၊ စာရေး ဆရာ မောင်ဇေယျ၊ စာရေးဆရာ ဦးဝင်းချိုနှင့် စာရေးဆရာ မောင်လင်းရိပ်တို့ ပါဝင်ဆွေးနွေးခဲ့ကြရာ ပွဲတော်လာရောက်သူများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ကြသည်။

 

ကလေးစာပေပွဲတော် (တာချီလိတ်)တွင် အမှတ် (၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပြခန်း၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ ပေးပြခန်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးပြခန်း၊ ရှမ်းအမျိုးသား ယဉ်ကျေးမှုပြခန်း၊ အာခါစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုပြခန်း၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)နှင့် ကွန်ပျူတာတက္ကသိုလ် (ကျိုင်းတုံ) ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ အာဆီယံပြခန်း၊ တွေးခေါ်တီထွင်ကြံဆ ဖြေရှင်းအဖြေရ သင်္ချာပြခန်း၊  Arts and Science Show  ပြခန်း၊ သုတဒါန အသိပညာဖွံ့ဖြိုးရေးအဖွဲ့ပြခန်း၊ ပညာရေးပြခန်း၊ HIV  အကြောင်း သိကောင်းစရာပြခန်းများကိုလည်း ခင်းကျင်းပြသထားသည်။

 

ထို့ပြင် ပွဲတော်တွင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော စာအုပ်များကိုလည်း ပါဝင်ပြသထားသည့်အပြင် စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေးလုပ်ငန်းများမှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ပြသရောင်းချလျက်ရှိရာ ကလေးစာပေနှင့် ပတ်သက်သည့် စာအုပ်စာပေများ အများဆုံးရောင်းချရကြောင်း သိရသည်။

 

ကလေးစာပေပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသားကျောင်းသူများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် စေတနာရှင်များက စတုဒိသာအဖြစ် အစားအစာများ လှူဒါန်းဝေငှကြသည်။  

 

အောင်မင်းဟန်