ကလေးစာပေပွဲတော်(ရန်ကုန်) အစမ်းလေ့ကျင့်မှုများပြုလုပ်

ရန်ကုန်  ၅ ဇန်နဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် (ရန်ကုန်) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယနေ့ နံနက် ၈  နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်  အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း(စိန့်ပေါလ်)၌  ကျင်းပခဲ့သည်။ 

 

ကလေးစာပေပွဲတော် (ရန်ကုန်) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ကျင်းပရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပွဲတော်တွင်ပါဝင်မည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကဏ္ဍအလိုက် အသေးစိတ် အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက ပွဲတော်တွင် ခင်းကျင်းပြသမည့် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

 

ဇန်နဝါရီ ၆ ရက်မှ ၈ရက်အထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း (စိန့်ပေါလ်)၌   နေ့စဉ်နံနက် ၉ နာရီမှ ည ၈ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များ၊ ပြပွဲ ပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ၊ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ ဂိမ်းကစားခြင်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပြခန်းများနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

သတင်းဓာတ်ပုံ- အောင်မင်းဟန်