ကလေးကို အဝမလွန်စေဖို့ မိဘတွေ ဒီလိုဂရုစိုက်ပေးဖို့ လိုမယ်နော်

ရေးသားသူ Ye Myo Myat ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

လူကြီးတွေကတော့ ကလေးဝရင် ကျန်းမာတယ်ပဲ မြင်တတ်ကြတာပါပဲ။ တကယ်တော့ အသက်အရွယ်တိုင်းမှာ သူ့ဟာနဲ့သူ သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်စံနှုန်းတွေဆိုတာ ရှိပါတယ်။ ဒီစံနှုန်းထက် နည်းလွန်းတဲ့ ကလေးတွေကျတော့လည်း ကြီးထွားဖွံ့ဖြိုးမှုနှေးတယ်၊ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်ကပ်ပြီး သေးညှက်နေတယ်၊ စံနှုန်းထက်ကျော်ပြီး အရမ်းဝနေတဲ့ ကလေးကျတော့လည်း ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာကြောင့် အတန်းထဲမှာ တခြားကလေးတွေရဲ့ စတာနောက်တာ ခံရနိုင်တယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးမှာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့ရင်သွေးလေးကို အဝမလွန်စေဖို့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေများများကျွေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

 

ကလေးတွေ အဝလွန်အောင် ဘယ်လိုအရာတွေက တွန်းပို့ပေးနေလဲ။

 

၁။ ကလေးကြိုက်ရင်ပြီးတာပဲဆိုပြီး ကျွေးလိုက်တဲ့ အဆီတွေ၊ အကြော်အလှော်တွေ၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ အချိုများတဲ့ မုန့်တွေပဲ အမြဲလိုလို ကျွေးတဲ့အကျင့်က ကလေးကို အဝလွန်အောင် လုပ်နေတဲ့ အဓိကတရားခံပါပဲ။

 

၂။ စာက အရေးကြီးတယ်၊ စာပဲလုပ်ရမယ်ဆိုပြီး ကလေးကို အိမ်ထဲမှာ လှောင်ပိတ်ထား လိုက်တာပါ။ ကလေးအရွယ်ဆိုတာ စာကျက်ချိန် စာကျက်၊ ကစားချိန်ကစား သူ့ဟာနဲ့သူ အချိန်သတ်မှတ်ပေးထားဖို့လိုပါတယ်။ ထိုင်ခုံကနေ ဘယ်မှမသွား ဘာမှမလုပ်ဘဲ စာပဲထိုင်ကျက်နေတဲ့ ကလေးတစ်ယောက်က စာကိုလည်း ဘယ်လိုမှစိတ်ပါဝင်စားနေမှာ မဟုတ်သလို တဖြည်းဖြည်းနဲ့ အဆီတက်ပြီး အဝလွန်လာတော့မှာပါ။

 

၃။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေရှိနေနိုင်ပါတယ်။ အထူးသဖြင့် မိဘတွေက စာနဲ့ပတ်သက်ပြီး အရမ်းဖြစ်ထွန်းစေချင်တယ်၊ ကိုယ်က အတန်းထဲမှာ အဆင့် ၁ လေး တစ်ခါလောက်မရလိုက်တာနဲ့ စိတ်တွေညစ်ပြီး အစာလုံးဝမစားတော့တာ၊ ဒါမှမဟုတ် ပုံမှန်ထက် အလွန်အကျွံအစာစားတာမျိုးတွေ ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ မိဘတွေရဲ့ ရန်ပွဲကို အမြဲကြည့်နေရတဲ့ကလေးတွေ၊ စိတ်ဒဏ်ရာကျန်နေခဲ့တဲ့ ကလေးတွေ၊ နှိပ်စက်ညှင်းပန်ခံရတဲ့ ကလေးတွေမှာဆိုရင်လည်း ဒီစိတ်ကို အေးချမ်းစေဖို့ အစာအများကြီးစားတတ်တဲ့ အကျင့်တွေ ဖြစ်လာတတ်ပါတယ်။

 

၄။ မိဘတွေမှာ အဝလွန်တဲ့ မျိုးရိုးရှိရင် ကလေးက နည်းနည်းလေး အစားမှား၊ အနေအထိုင်မှားလိုက်တာနဲ့ ကိုယ်အလေးချိန် အလွယ်တကူ တက်လာနိုင်ပါတယ်။

 

အဝလွန်တဲ့ကလေးမှာ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ။

ကျန်းမာရေးပြဿနာတွေအနေနဲ့

 

-           ညဘက်ကောင်းစွာ အိပ်မပျော်နိုင်တာ (ညအိပ်နေစဉ် ဟောက်တာ၊ အသက်ရှူရပ်တာ)

-           ပန်းနာရင်ကျပ်ရောဂါ

-           အမျိုးအစား ၂ ဆီးချိုရောဂါ

-           သွေးတွင်းကိုလက်စထရောတွေ များလာမယ်

-           သွေးတိုးရောဂါ

-           နှလုံးရောဂါ

-           အသည်းအဆီဖုံးလာမယ်

-           အရိုးတွေ အရင်လိုမသန်စွမ်းတော့ဘဲ ကျိုးလွယ်လာမယ်။

 

စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးရာ နောက်ဆက်တွဲ ပြဿနာတွေကတော့

-           အတန်းထဲမှာ အနိုင်ကျင့်ခံရတာ

-           အတန်းထဲက ကလေးတွေ၊ ဆရာမတွေရဲ့ နှိမ်တာ၊ နာမည်ပြောင်နဲ့ စတာနောက်တာ ခံရတာ

-           ကိုယ့်ကိုယ်ကိုယ် ကြည့်မကောင်းတော့ဘူးဆိုပြီး ယုံကြည်မှုတွေ နည်းလာမယ်

-           လေးလံထိုင်းမှိုင်းပြီး စာလုပ်ရမှာ စိတ်မပါတော့တာ

-           စိတ်အလေလိုက်တာ

-           စာသင်ကြားရမှာ အခက်အခဲဖြစ်တာ

-           လူမှုဆက်ဆံရေးမှာ တခြားသူတွေနဲ့ သဟဇာတ သိပ်မဖြစ်တာ

-           စိတ်ကျရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

 

ကလေးကို အဝမလွန်အောင် မိဘတွေ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ။

 

၁။ ကလေးတစ်နေ့တစ်နေ့ ဘာတွေစားလဲ၊ ဘာတွေကြိုက်တတ်လဲဆိုတာ သေချာစောင့်ကြည့်ပါ။

 

၂။ အဆီ၊ အချိုများတဲ့ အစားအစာတွေကို လျှော့ပါ။ အထူးသဖြင့် ကလေးတွေကြိုက်တဲ့ အားဖြည့်အချိုရည်လိုမျိုး သကြားအများကြီးပါတဲ့ အအေးတွေ၊ ကြက်ကြော်၊ အာလူးကြော်၊ ဝက်အူချောင်းကြော်တွေကို တတ်နိုင်သလောက် မကျွေးပါနဲ့။

 

၃။ ဟင်းသီးဟင်းရွက် များများကျွေးပါ။ ကိုယ့်ကလေးက ဟင်းသီးဟင်းရွက် သိပ်မစားဘူးဆိုရင် အသားနဲ့ ရောချက်တာ၊ ဟင်းခတ်မှုန့်၊ ပါဝင်ပစ္စည်းတွေမှာ အသား၊ ငါး၊ ပင်လယ်စာ အရသာရှိတာလေးတွေ ထည့်ပြီးချက်ပေးပါ။

 

၄။ မုန့်ပဲသရေစာ ကြိုက်တတ်တယ်ဆိုရင် အသီးအနှံမျိုးစုံကို သေချာလှီးစိတ်ပြီး ပြင်ဆင်ပေးပါ။ စားချင်တာစားဆိုပြီး လွှတ်မထားပါနဲ့။

 

၅။ အပြင်မှာ ထွက်စားတာကို အကျင့်မလုပ်ပါနဲ့။ အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်ပြီး ကျွေးပေးပါ။

 

၆။ ကလေးကို အိမ်ထဲမှာလှောင်ပိတ်ထားပြီး စာပဲ အတင်းမလုပ်ခိုင်းပါနဲ့။ အားကစားလုပ်ခိုင်းတာ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တာ၊ ကစားတာမျိုးကို အချိန်တစ်ခုသတ်မှတ်ပြီး လုပ်ခွင့်ပေးလိုက်ပါ။

 

၇။ အိမ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး တီဗီကြည့်တာ၊ ဖုန်းသုံးနေတာတွေ့ရင် မလုပ်ဖို့ပြောပါ။ အားလပ်ရက်တွေမှာ မိသားစုလိုက် ပျော်ပျော်ပါးပါး ကစားတာ၊ လျှောက်သွားတာ၊ အိမ်အလုပ်တွေ ဝိုင်းလုပ်တာမျိုး လုပ်လို့ရပါတယ်။

 

၈။ အိပ်ချိန်ကိုလည်း မှန်အောင်ဂရုစိုက်ပေးပါ။ အိပ်တာ နောက်မကျပါစေနဲ့။ အိပ်ချိန်ကိုလည်း အနည်းဆုံး ၇နာရီထက် မနည်းပါစေနဲ့။

 

ဒီလို နေထိုင်စားသောက်မှုပုံစံတွေကို ပြင်ဆင်ပေးပြီး တစ်နှစ်တစ်ကြိမ်လောက် တစ်မိသားစုလုံး ကျန်းမာရေးစစ်ဆေးတာမျိုး ပြုလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝတာက ပြဿနာမဟုတ်ပေမဲ့ အဝလွန်တာကိုတော့ ကာကွယ်ထားနိုင်ရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်မယ့် ပြဿနာတွေက တော်တော်လေးနည်းသွားမှာနော်။ ဒါကြောင့် တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ဖို့ မိဘတွေကိုယ်တိုင်က သားသမီးအတွက် ဒီလိုပုံစံလေး ပြင်ဆင်ဖို့ ခုကတည်းက စလိုက်ကြစို့နော်။

 

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်