ကလေးမြို့တွင် ပါရာဒီဆိုတိုးချဲ့ရုပ်ရှင်ရုံခန်းမဖွင့်ပွဲ ကျင်းပ

ကလေး  ၃၁  ဇူလိုင်    
    

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပြည်သူတို့အတွက် အပန်းပြေစရာ ဖျော်ဖြေမှုတစ်ခုအနေဖြင့် ပါရာဒီဆို တိုးချဲ့ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ရုပ်ရှင်ရုံတည်ရှိရာ အမှတ်(၃/၁၉) ဘုရားကြီးလမ်း အောင်မြင်မာန်ရပ်ကွက်ရှိ ပါရာဒီဆိုရုပ်ရှင်ရုံရှေ့တွင် ကျင်းပခဲ့သည်။
    

ကလေးပါရာဒီဆိုတိုးချဲ့ရုပ်ရှင်ရုံခန်းမဖွင့်ပွဲသို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်း ၊ ပါရာ ဒီဆိုရုပ်ရှင် အမှုဆောင်ဒါရိုက်တာ ဦးသူရ(ခေါ်) ဦးဇာဂနာနှင့် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် ဦးလူမင်း တို့က ရုပ်ရှင်ရုံ တိုးချဲ့ အဆောက်အဦကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည် ။
    

“ရုပ်ရှင်ရုံတွေကို နိုင်ငံအနှံ့မှာ ပေါ်ထွက်လာဖို့ ရုံ ၁၀ဝ စီမံကိန်းနဲ့ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ရုပ်ရှင်ရုံတစ်ရုံမှမရှိသေးပါဘူး။ စစ်ကိုင်းတိုင်းမှာဆိုရင်လည်း မြို့ကြီးတွေဖြစ်တဲ့ ကသာမြို့၊ တမူးမြို့တွေမှာ ရုပ်ရှင်ရုံမရှိဘူး။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် လေးနှစ်အတွင်း ရုံတစ်ရာဆောက်မယ်လို့ မှန်းခဲ့တယ်။ ကြားထဲဖြစ်ခဲ့တဲ့အခက်အခဲတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် မဖြစ် ဖြစ်အောင်ဆောင်ရွက်မယ်ဆိုပြီး လုပ်ခဲ့ကြတယ်။ ဒီနေ့မှာဖွင့်လိုက်တဲ့ ကလေးမြို့ ပါရာဒီဆို ရုပ်ရှင်ရုံ နဲ့ဆိုရင် (၂၃)ရုံမြောက် ရုပ်ရှင်ရုံကိုဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ပါရာဒီဆိုရုပ်ရှင် အမှုဆောင်ဒါရိုက်တာ ဦးသူရခေါ် ဦးဇာဂနာ က ပြောကြားသည် ။
    

စစ်ကိုင်းတိုင်းအတွင်း ပါရာဒီဆိုရုပ်ရှင်ရုံများကို မုံရွာ ၊ ရွှေဘို ၊ ကလေးမြို့များတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါရာဒီဆို ရုပ်ရှင်ကုမ္ပဏီကိုရုပ်ရှင်လောကသားများစုစည်းပြီး တည်ထောင်ထားခြင်း ဖြစ်သည်။ ရုံတစ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ် လေးနှစ်တာကာလအတွင်း ဆောက်လုပ်နိုင်ရေး ရည်မှန်းထားပြီး ၂၀၁၉ ခုနှစ်အတွင်း ရုပ်ရှင်ရုံပေါင်း ၄၀ အထိ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

                                    
သျှင်နေမင်း(ဂန့်ဂေါ)