တိုကျို ဇူလိုင် ၁၆
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုရှိ ကူမာမိုတိုမြို့ ယာဉ်ရပ်နားကွင်းတစ်ခုတွင် ရပ်ထားသော ကားအတွင်း သတိလစ်မေ့မြောနေသည့် အသက် ၁၁ လအရွယ် ကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ကလေးငယ်သေဆုံးရသည့် အကြောင်းရင်းမှာ အပူလွန်ကဲခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။
မီးသတ်ဌာနသည် ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကလေးမိခင်၏ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ မိခင်က ကလေးသည် ကားအတွင်း သတိလစ်မေ့မြောနေဟန်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများသည် ဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး မီနီဗန်ကားအတွင်း သတိလစ်မေ့မြောနေသည့် ကလေးငယ်ကို တွေ့ရှိခဲ့သည်။ ထို့နောက် ကလေးငယ်ကို မြို့ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။
ကလေး၏ မိခင်က ရဲတပ်ဖွဲ့ထံတွင် အိမ်မှုကိစ္စများ၊ အလုပ်ကိစ္စများနှင့် အခြားကိစ္စများကြောင့် စိတ်ရှုပ်ထွေးနေသဖြင့် ကလေးကို ကားအတွင်း တစ်ယောက်တည်း မိနစ် ၃၀ ခန့်မှ တစ်နာရီခန့် အထိ ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့တွင် အဆိုပါဒေသ၏ နေ့အပူချိန်သည် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့သဖြင့် အပူလွန်ကဲမှုသတိပေးချက်ထုတ်ပြန်ထားသည်။
အင်န်အိတ်ချ်ကေ


