ပရီမီယာလိဂ်ကလပ် ချယ်ဆီးအသင်းသည် အက်စ်တွန်ဗီလာအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မော်ဂန်ရော်ဂျာစ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ရော်ဂျာစ်သည် နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်အပါအဝင် ချယ်ဆီးအသင်းနှင့် ခြောက်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။ ယင်းအပြောင်းအရွှေ့မှာ ၂၀၂၃ ခုနှစ်က အန်ဇိုဖာနန်ဒက်စ်၏ ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းကို ကျော်လွန်ကာ ချယ်ဆီးအသင်း သမိုင်းတစ်လျှောက်တွင် တန်ဖိုးအမြင့်ဆုံး ခေါ်ယူမှုဖြစ်လာခဲ့ပြီး အင်္ဂလန်ကစားသမားတစ်ဦးအတွက်လည်း ပြောင်းရွှေ့ကြေး စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ရော်ဂျာစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲထွက်ကစားခွင့် သုံးပွဲအပါအဝင် စုစုပေါင်း ခုနစ်ပွဲအထိ ပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားသည်။ ထို့အပြင် ၎င်းသည် ပြီးခဲ့သည့်ရာသီက ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲပေါင်း ၅၅ ပွဲတွင် ၁၄ ဂိုး သွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ထား သည်။
အောင်ဇော်


