ကမ္ဘာ့အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖိတ်ခေါ် အားကစား ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

လွိုင်ကော်  ၂၉  ဇူလိုင်


ကမ္ဘာ့အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကယားပြည်နယ်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ ၄.၃၀ နာရီက လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံသစ်၌ ပြုလုပ်သည်။


ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံကိုယ်စားပြု အားကစား သမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများနှင့် ဖိတ်ခေါ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အားကစား မောင်မယ်များအား ဂုဏ်ပြုရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အောင်မြင်မှု ရရှိလာသော ကမ္ဘာ့အဆင့် MMA အမျိုးသမီး ပင်းဝိတ်တန်း ချန်ပီယံ ၊ ထိုင်းနိုင်ငံ ဖိတ်ခေါ် ကရာတေးပြိုင်ပွဲ၊ ဖိလစ်ပိုင်နိုင်ငံ တိုက်ကွမ်ဒိုပြိုင်ပွဲ ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံ သိပ္ပံကျောင်းပေါင်းစုံပြိုင်ပွဲ ၊ အင်ဒိုနီးရှားဖိတ်ခေါ် ခရစ်ကက်ပြိုင်ပွဲ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှုး၊ ပြေးခုန်ပစ် ၊ ဂေါက်သီး ၊ ရေကူး ၊ တိုက်ကွမ်ဒို ၊ ကရာတေးဒို ၊ အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဖိတ်ခေါ် ကရာတေး၊ တိုက်ကွမ်ဒို ၊ ကမ်ပို ၊ ဂျူဒို ၊ ပြေးခုန်ပစ် ၊ မသန်စွမ်းတို့တွင် ဆုတံဆိပ်များ ရရှိလာသည့်အတွက် အားကစား မောင်မယ်များကို အခုလို ဂုဏ်ပြုနိုင်ခြင်းသည် ဂုဏ်ပြုသူ ပြည်နယ်သူ ပြည်နယ်သားများနှင့် ဂုဏ်ပြုခံ အားကစားသမားများ နှစ်ဦးနှစ်ဖက်စလုံး အတွက် ဝမ်းသာပီတိနဲ့ စိတ်ရွှင်လန်းစေတဲ့ အခါသမယ လို့ပြောကြားလိုပါကြောင်း၊ ယခုလို အောင်မြင်မှုတွေ ရရှိလာခြင်းသည် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုသာမက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ သက်ဆိုင်ရာ အားကစား ဆပ်ကော်မတီများ၏ စိတ်ပါဝင်စားစွာ ပါဝင် ကြီးကြပ် ဆောင်ရွက်မှု ၊ အသင်းအုပ်ချုပ်သူ/ နည်းပြ ဆရာများနှင့် အားကစား သမားများ၏ လုံ့လဝီရိယ၊ ဇွဲ ၊ သတ္တိ ၊ အောင်မြင်မှုများ ရယူလိုသောစိတ်ဖြင့် အစွမ်းကုန်ကြိုးစားအားထုတ်မှု ၊ နည်းပြဆရာကောင်းများ၏ သွန်သင် ပြသမှုများကြောင့် ယခုလိုအောင်မြင်မှုများ ရရှိခြင်းဖြစ်ပါကြောင်း၊ ယခုလို ရရှိခဲ့သည့် အောင်မြင်မှုသည် မိမိတစ်ဦးတည်း၏ အောင်မြင်မှုသာ မဟုတ်ဘဲ မိမိနေထိုင်သည့် မြို့နယ် / ခရိုင်နှင့် ကယားပြည်နယ် ဆိုတဲ့ မိမိတို့ရဲ့ ပြည်နယ်ရဲ့ ဂုဏ်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အောင်မြင်မှုရလာအောင် ကြိုးစားဆောင်ရွက်ပေးကြသည့် အားကစား သမားများ၏ ပြိုင်ဖက်အသင်းအပေါ် အနိုင်မခံ အရှုံးမပေးလိုသော စိတ်ဓာတ် ၊ ကယားပြည်နယ်၏ အားကစားဂုဏ်ကို တိုးတက် မြင့်မားအောင် ဖော်ဆောင်လိုသော စိတ်ဓာတ် ၊ ကယားပြည်နယ်၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတွင် မိမိတို့ စွမ်းအား ရှိသလောက် အောင်မြင်မှုများရအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် စိတ်ဓာတ်ကို ကယားပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ အသိအမှတ်ပြု ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ အောင်မြင်မှုရရှိထားတာတွေကို ကျေနပ် နှစ်သိမ့် ရောင့်ရဲမနေဘဲ ဒီအောင်မြင်မှုတွေကို နှစ်စဉ်နှစ်တိုင်း အရှိန် အဟုန်မပြတ် ဆက်လက် ထိန်းသိမ်းသွားကြရန်၊ ယခုပြိုင်ပွဲတွေ သာမက ၂၀၁၉ -၂၀၂၀ ခုနှစ်များမှာ ကျင်းပလျက်ရှိသည့် ကျန်ရှိနေသေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲတွေမှာ မိမိပြည်နယ်၏ အားကစားဂုဏ်ကို ယခုထက် ပိုမိုတိုးတက်အောင် စွမ်းဆောင်ပေးကြရန်၊ ကယားပြည်နယ်၏ အားကစား လောကဖွံ့ဖြိုး တိုးတက်အောင် တာဝန်ရှိသူ အဆင့်ဆင့်နှင့် တကွ ပြည်နယ်သူ ပြည်နယ်သားအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် စသည်ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်၍ MMA ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် မအန်တိုနီယာမှ MMA အားကစားနည်းအား သရုပ်ပြသခြင်း၊ အားကစားသမားဘဝ အတွေ့အကြုံရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးပြိုင်ပွဲ၊ ကရာတေးပြိုင်ပွဲ၊ ကယားအလှမယ် အားကစားနည်းတွင် အောင်မြင်မှုရရှိခဲ့သော မခင်မြတ်မြတ်သူမှ အားကစားသမားဘဝ အတွေ့အကြုံ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အောင်ပွဲရ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသ ကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။


ထို့နောက် MMA အားကစားအထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်း၊ လက်ဝှေ့အားကစား အထောက် အကူပြု ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒို အားကစားသမား မသင်းနဒီညိုမှ အောင်ပွဲရ အားကစားသမားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် တက်ရောက် လာသူများမှ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


လွိုင်ကော်သား