ကမ္ဘာအနှံ့ တဖြည်းဖြည်းဖြေလျှော့စပြုလာသည့် ပိတ်ဆို့ကန့်သတ်မှုများ

၂၈  ဧပြီ

စပိန်နိုင်ငံက ကလေးအချို့ဟာလည်း ဧပြီ ၂၆ ရက်မှာတော့ အရဲစွန့်ပြီး နေအိမ်အပြင်ဘက်ထွက်လာတာကို တွေ့လာရပါတယ်။ အလားတူပါပဲ၊ အီတလီနဲ့ နယူးယောက်တို့မှာလည်း ပိတ်ဆို့ ကန့်သတ်မှုတွေကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးတဲ့အစီအစဉ် စတင်နေပါပြီ။

မျှော်လင့်ချက်ရောင်ခြည်

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုးကြောင့် သေဆုံးတဲ့ သူ လျော့ကျလာတဲ့အခါ အားလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ကိုဗစ် - ၁၉ ကူးစက်ခံရသူ အရေအတွက်ဟာ သုံးသန်းနီးပါးကို ချဉ်းကပ် လာပြီဖြစ်ပေမယ့် အစိုးရတွေကတော့ ပိတ်ထား ရတဲ့ စီးပွားရေးတွေ ဘယ်လိုပြန်စတင်မလဲ ဆိုတာကို ထည့်မစဉ်းစားဘဲ နေလို့မရတော့ ပါဘူး။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာဆိုရင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံရပြီး နောက် ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် အခု ဆိုရင် ဒေါင်းနင်းလမ်းမှာပြန်ပြီး ဝန်ကြီးချုပ် တာဝန်တွေကို ပြန်ပြီးထမ်းဆောင်နေပါပြီ။

ကလေးတွေ အပြင်ထွက်ခွင့်ပြု

ကိုဗစ် -၁၉ ကို ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ စပိန်နိုင်ငံက လမ်းမထက်မှာလည်း ကလေးတွေ ပျော်ရွှင်စွာ စက်ဘီးထွက်စီးတာကို မြင်နေရပါ ပြီ။ ဒါပေမယ့် အရင်လိုတော့ မဟုတ်ပါဘူး။ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ ဝတ်ဆင် ပြီးသာ အပြင်ထွက်ဆော့နေကြရပါတယ်။ မတ်လအလယ်ကစလို့ စပိန်အစိုးရဟာ ကလေးတွေကို အပြင်ထွက်ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ ထုတ်ထားတဲ့ စည်းမျဉ်းအသစ်အရ ကလေးတွေဟာ နံနက် ၉ နာရီကနေ ည ၉ နာရီအတွင်း အပြင်ထွက်ခွင့် ရှိပြီး မိမိနေအိမ်နဲ့ တစ်ကီလိုမီတာထက် ကျော်လွန်ပြီး သွားခွင့်ပေးမထားပါဘူး။ စပိန် နိုင်ငံမှာ ကိုဗစ် -၁၉ ကြောင့် လူ ၂၃၀၀၀ ကျော် သေဆုံးခဲ့ရပြီး အီတလီပြီးရင် တတိယမြောက် သေနှုန်းအမြင့်ဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဧပြီ ၂၆ ရက်မှာ သေဆုံးသူ ၅၅၀၀ဝ နီးပါးအထိရှိလာပြီး ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ ကြောင့် သေနှုန်းအမြင့်ဆုံး နိုင်ငံ ဖြစ်လာပါတယ်။

စားသောက်ဆိုင်တွေ ဖွင့်ခွင့်ပေး

ဒုတိယသေနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အီတလီမှာတော့ လူပေါင်း ၂၆၀၀၀ ကျော် သေဆုံးထားပြီး မတ်လအတွင်းကစလို့ တိုင်းပြည်အနှံ့ ပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်မှာတော့ အီတလီ နိုင်ငံမှာ လူပေါင်း ၂၆၀ ထပ်မံ သေဆုံးခဲ့ ရပါတယ်။ ဒါဟာ မတ်လနောက်ပိုင်း သေဆုံးမှုနှုန်း အနည်းဆုံးပဲဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မေ ၄ ရက်ကျရင်တော့ ပိတ်ထားရတဲ့ လက်ကား အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရဖို့ မီးစိမ်းပြ လိုက်ပါပြီ။

ခပ်ခွာခွာနေရမယ်

ဆွေမျိုးသားချင်းတွေဆီ သွားရောက် လည်ပတ်တာတွေ၊ ပန်းခြံထဲမှာ အေးအေးလူလူ လမ်းလျှောက်နေတာတွေကို ဘယ်အချိန်ကျမှ ပြန်လုပ်ခွင့်ရမလဲဆိုတာကို အီတလီနိုင်ငံသား တွေ အလွန်သိချင်နေကြပါတယ်။ “ဆွေမျိုး သားချင်းတွေဆီကို အလည်အပတ်ပြန်သွား ခွင့်ပြုမှာပါ။ ဒါပေမယ့် လိုက်နာရမယ့်အချက် တွေတော့ ရှိပါတယ်။ နှာခေါင်းစည်း စည်း ထားရမယ်၊ လူအချင်းချင်း ခပ်ခွာခွာနေရမယ်၊ မိသားစုဝင်တွေအများကြီး စုဝေးပွဲပြုလုပ်ဖို့တော့ခွင့်ပြုမထားဘူး ”လို့ မစ္စတာ ကွန်တီက ပြောပါတယ်။

စက်တင်ဘာမှာ ကျောင်းဖွင့်မယ်

အခြားသော ဈေးဆိုင်တွေကတော့ မေလ ၄ ရက် နောက်ပိုင်း သုံးပတ်အကြာမှာ ပြန်ဖွင့် ခွင့်ရမှာပါ။ ဆံပင်ညှပ်ဆိုင်တွေကိုတော့ ဇွန်လ ၁ ရက်နေ့ကျမှ ဖွင့်ခွင့်ပေးမှာပါ။ ကျောင်းတွေ ကိုတော့ စက်တင်ဘာလမှ ဖွင့်ခွင့်ပေးသွားမယ် လို့ သိရပါတယ်။ ကျောင်းတွေပြန်ဖွင့်လိုက် တာဟာ တကယ်ပဲအန္တရာယ်များလှပါတယ်။ ဆရာအများစုဟာ အသက်ကြီးသူတွေဖြစ်ပြီး ကိုဗစ် -၁၉ အလွယ်တကူပဲ ကူးစက်နိုင်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။ ဒါပေမယ့် ပြည်သူ တွေ အပြင်ထွက်တဲ့အခါ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို သွားလာတဲ့အခါမှာ တော့ နှာခေါင်းစည်း တပ်ဆင်ထားရမယ်၊ လူအချင်းခပ်ခွာခွာနေတဲ့ အကျင့်ကိုဆက်လက် ကျင့်သုံးသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။

လူမှုစီးပွားထိခိုက်နိုင်

အီတလီနိုင်ငံကို တကယ်ချစ်တယ်ဆိုရင် လူအချင်းချင်း ခပ်ခွာခွာသာနေကြပါလို့ ဝန်ကြီး ချုပ်က ပြောကြားခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ဒီလို ပိတ်ဆို့ကန့်သတ်ထားမှုကြီးကို ရေရှည် ဆက်ထားလို့မဖြစ်ဘူး။ ဒီအတိုင်းဆက်သွားမယ် ဆိုရင် တိုင်းပြည်ရဲ့ လူမှုစီးပွားဘဝကို ထိခိုက် လိမ့်မယ်လို့ အီတလီဝန်ကြီးချုပ်ကပြောကြား ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အီတလီ နိုင်ငံမှာ ကိုဗစ် -၁၉ ကပ်ရောဂါဟာ ဇန်နဝါရီ ကတည်းက ရောက်ရှိနေပြီလို့ ခန့်မှန်းခဲ့ကြပါ တယ်။ ပထမဆုံး လူနာစတွေ့တာကတော့ ဖေဖော်ဝါရီ ၂၁ ရက်မှာပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေ ဦးစွာခွင့်ပြု

အမေရိကန်နိုင်ငံ နယူးယောက်မှာတော့ ပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ခွင့်ရဖို့ဆိုရင် ဆေးရုံတက်လူနာတွေ လျော့ကျသွားရမှာ ဖြစ်ပြီး မေ လ ၁၅ ရက် နောက်ပိုင်းမှ ဖြစ်နိုင် လိမ့်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုက ပြောပါတယ်။ နယူးယောက်မြို့ပေါ် မှာထက် မြောက်ပိုင်းဒေသတွေမှာ ဆောက်လုပ် ရေးလုပ်ငန်းတွေ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဦးစွာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ အဲဒီ နောက်မှာတော့ ရုံးတွေပြန်မဖွင့်မီ နောက်ထပ် ကူးစက်ခံရမှု ရှိ မရှိကို စစ်ဆေးသွားမှာပါ။ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးကြီးကြောင့် လူဦးရေ တစ်ဝက်ကျော်နီးပါးဟာ ပိတ်ဆို့ကန့်သတ် ခံထားရပြီး ကမ္ဘာ့စီးပွားရေးဟာလည်း ဆယ်စုနှစ်များစွာအတွင်း တစ်ခါမှမမြင်ဖူးတဲ့ အထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်း နေကြပါတယ်။ တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ အတွင်းကစလို့ ဗိုင်းရပ်စ်စတင်တွေ့ရှိပြီး နောက်ပိုင်း ကမ္ဘာမှာ လူပေါင်း ၂၀၅၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

သေနှုန်းလျော့ကျလာ

ဥရောပကတော့ ကူးစက်မှုဒဏ်ကို အဆိုး ရွားဆုံးခံခဲ့ရတာပါပဲ။ အီတလီ၊ စပိန်၊ ပြင်သစ်၊ ဗြိတိန်တို့မှာ အခြေအနေတွေဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ ၂၆ ရက်မှာတော့ သေဆုံးမှုနှုန်း လျော့ကျလာတဲ့အတွက် ဒီပြဿနာဆိုးကြီးကို ကျော်လွှားနိုင်တော့မှာလားဆိုပြီး စိတ်အား ထက်သန်စရာ ဖြစ်ခဲ့ပါတယ်။ မတ်လ ၃၁ ရက် နောက်ပိုင်း ဗြိတိန်နိုင်ငံရဲ့ သေဆုံးမှုနှုန်းဟာ အနိမ့်ဆုံးဖြစ်လာသလို အီတလီနဲ့ စပိန်တို့မှာ လည်း တစ်လတာအတွင်း သေဆုံးမှုအနိမ့်ဆုံး နှုန်းကို တွေ့လာရပါပြီ။ အလားတူပါပဲ၊ ပြင်သစ်မှာလည်း သေဆုံးမှုနှုန်း လျော့ကျ လာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၏ ဖြေလျော့မှုများ

ဆွစ်ဇာလန်နိုင်ငံမှာတော့ ဆံပင်ညှပ်ဆိုင်၊ အနှိပ်ခန်း၊ ပန်းအလှပြင်ခြင်းလုပ်ငန်းတွေကို ဧပြီ ၂၇ ရက်ကစလို့ ဖွင့်ခွင့်ပေးတဲ့လုပ်ငန်းတွေမှာ ထည့်သွင်းပေးထားပါတယ်။ ဆော်ဒီအာရေဗျ မှာလည်း ကန့်သတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို တစ်စိတ်တစ်ပိုင်းဖြေလျှော့ပေးခဲ့ပါတယ်။ ဈေးဝယ်စင်တာတွေ၊ လက်လီရောင်းချ ဆိုင်တွေကို ဖွင့်ခွင့်ပေးထားပါတယ်။

သီရိလင်္ကာနိုင်ငံက အချိန်ထပ်တိုး

သီရိလင်္ကာနိုင်ငံမှာတော့ ပိတ်ဆို့ ကန့်သတ်မှုအချိန်ကို နောက်ထပ်တစ်ပတ်ကြာ အချိန်ထပ်တိုးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ကိုဗစ် - ၁၉ ကူးစက်ခံရတဲ့ လူနာဟာ ရောဂါပျောက်ကင်းပြီးနောက် နောက်ထပ်ပြန်ပြီး မကူးစက်နိုင်ဘူးလို့ သေချာ မပြောနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ပြင်သစ်၊ ဂျာမနီနဲ့ အချို့သောနိုင်ငံတွေကတော့ ကိုဗစ်- ၁၉ လူနာ ကိုယ့်ဘေးနားမှာရှိမရှိ သတိပေးတဲ့ ဆော့ဖ်ဝဲကို အသုံးပြုဖို့ စီစဉ်နေကြပါတယ်။

ကိုးကား -အေအက်ဖ်ပီ