ကမ္ဘာ့ဘိလိယက် 150 Up ပြိုင်ပွဲတွင် နေသွေးဦး ဒုတိယဖြင့် ကျေနပ်ခဲ့ရ

မန္တလေး  ၁၅ စက်တင်ဘာ 


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ၏ ဘိလိယက် 150 Up ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့၌ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်ကစားသမား နေသွေးဦး ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။


နေသွေးဦးသည် ဗိုလ်လုပွဲတွင် ကမ္ဘာ့ချန်ပီယံဆုအကြိမ်ကြိမ်ရထားသည့် အက်ဗာနီနှင့် တွေ့ဆုံခဲ့ပြီး ခြောက်ပွဲ-နှစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ နေသွေးဦးသည် ချန်ပီယံဆုရရန်ကြိုးစားခဲ့သော်လည်း အက်ဗာနီက တောက်လျှောက်ဦးဆောင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ အက်ဗာနီသည် သုံးပွဲပြတ်ဖြင့် စတင်ဦးဆောင်နိုင်ခဲ့သလို နေသွေးဦးအနေဖြင့် ပွဲငယ်အချို့တွင် နိုင်ပွဲပြန်ရသော်လည်း ပုံစံကောင်းရနေသည့် အက်ဗာနီကြောင့် ပြန်မလိုက်နိုင်ဘဲ ဒုတိယဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အက်ဗာနီသည် နေသွေးဦးကို ၁၅၀-၄ မှတ်၊ ၁၅၁-၆၆ မှတ်၊ ၁၅၀-၅၀ မှတ်၊ ၇-၁၅၀ မှတ်၊ ၁၅၁-၆၉ မှတ်၊ ၁၅၀-ဝ မှတ်၊ ၁၃၃-၁၅၀ မှတ် ၁၅၀-၇၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အက်ဗာနီနှင့် နေသွေးဦးသည် ကမ္ဘာ့ဘိလိယက် 150 Up ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်တွင်နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး နေသွေးဦးသည် နှစ်ကြိမ်စလုံး ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။ ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ၏ ဘိလိယက်ပြိုင်ပွဲနှစ်ခုစလုံး ပြီးဆုံးခဲ့ပြီးLong Up ပြိုင်ပွဲတွင် ပီတာဂေးလ်ခရစ် (စင်ကာပူ)၊ 150 Up ပြိုင်ပွဲတွင် အက်ဗာနီ (အိန္ဒိယ) တို့ ဗိုလ်စွဲခဲ့သည်။ မြန်မာကစားသမားများအနက် နေသွေးဦးမှာ 150 Up ပြိုင်ပွဲတွင် ဒုတိယ၊ Long Up ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ပေါက်စက Long Up ပြိုင်ပွဲတွင် ပူးတွဲတတိယရခဲ့သည်။


ဘိလိယက်ပြိုင်ပွဲပြီးဆုံးခဲ့သောကြောင့် စနူကာပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း