ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် နေသွေးဦး ကွာတားဖိုင်နယ် တက်ရောက်

၁၀  အောက်တိုဘာ

 

၂၀၁၉ ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၀ ရက် ပွဲစဉ်များအပြီးတွင် မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာဘိလိယက်ကစားသမား လေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေသွေးဦးတစ်ဦးတည်း ကွာတားဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျော်နိုင်ဦးက ၂၄ ဦး ရှုံးထွက်အဆင့်၊ ချစ်ကိုကိုနှင့် ပေါက်စတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ နေသွေးဦးသည် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးပုံစံ ပြသလျက်ရှိပြီး အုပ်စုပွဲစဉ်များတွင် ရှာမာ (အိန္ဒိယ)၊ ဒေးဗစ် (အင်္ဂ လန်)၊ ဂရေးနော်မန် (အင်္ဂလန်) နှင့် ဆိုင်မွန် (သြစတြေးလျ) တို့ကို အနိုင်ယူကာ အုပ်စုပထမဖြင့်   နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ အုပ်စုပထမရသည့် နေသွေးဦးက ၁၆ ဦး ရှုံးထွက်အဆင့်မှ စတင်ယှဉ်ပြိုင်ရပြီး သြစတြေးလျနိုင်ငံသား ရော်ဘီဖော့ဘ်ဗာရီ နှင့် တွေ့ဆုံခဲ့ကာ (၄၄၈-၄၃၉) မှတ်ဖြင့် အနိုင်ရခဲ့သည်။

 

ယခုပွဲစဉ်များကို သတ်မှတ်ထားသည့်အချိန်အတိုင်း ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ပွဲပြီးရန်  ၅ မိနစ်အလိုအထိ အရေးနိမ့်သည့် နေသွေးဦးသည် လက်ကျန်မိနစ်များတွင် အမှတ်များဆက်တိုက်ရယူကာ ကိုးမှတ်အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၁၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး နေသွေးဦးသည် ဒေးဗစ်ကော်စီယာ(အင်္ဂလန်) နှင့် တွေ့ဆုံနေသည်။ အခြားကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဆစ်ဝါလာ (အိန္ဒိယ) နှင့် ပီတာဂေးလ်ခရစ် (စင်ကာပူ) မက်သရူးဘော်လ်တန် (သြစတြေးလျ) နှင့် မိုက်ရပ်ဆဲလ် (အင်္ဂလန်)၊ ရောဘတ်ဟောလ် (အင်္ဂလန်) နှင့် ကိုသရီ (အိန္ဒိယ)တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

အုပ်စု (က) တွင်ပါဝင်သည့် ကျော်နိုင်ဦးသည် အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့်တက် ရောက်နိုင်ခဲ့သော်လည်း ၂၄ ဦး ရှုံးထွက်အဆင့်တွင်  သြစတြေးလျနိုင်ငံသား မိုက်ကယ်ပီရာဆင်ကို ၂၉၉-၄၄၈ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ပေါက်စနှင့် ချစ်ကိုကိုတို့မှာမူ အုပ်စုတွင် တတိယနေရာသာရခဲ့သောကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ- World Billards Facebook