ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး ကွာတားဖိုင်နယ်မှထွက်ခဲ့ရ

သတင်း-ရဲရင့်ရှိုင်း

 

၂၀၁၉ ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ကွာတား ဖိုင်နယ်တွင် ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့သည်။

 

နေသွေးဦးသည် ကွာတားဖိုင်နယ်တွင် အင်္ဂလန်နိုင်ငံသား ဒေးဗစ်ကော်စီယာနှင့် တွေ့ဆုံခဲ့ပြီး ၁၄၉၉-၈၃၂ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

 

အခြားကွာတားဖိုင်နယ်ပွဲစဉ်များတွင် မိုက်ရပ်ဆဲလ် (အင်္ဂလန်)က မက်သရူးဘော်လ်တန် (သြစတြေးလျ) ကို ၁၀၆၇-၅၇၄ မှတ်၊ ကိုသရီ (အိန္ဒိယ)က ရောဘတ်ဟောလ် (အင်္ဂလန်)ကို ၁၀၇၆-၄၈၄ မှတ်၊ ပီတာဂေးလ်ခရစ် (စင်ကာပူ)က ဆစ်ဝါလာ (အိန္ဒိယ)ကို ၁၃၁၂-၄၁၈ မှတ်ဖြင့်  အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ပီတာဂေးလ်ခရစ် (စင်ကာပူ) က ဒေးဗစ်ကော်စီယာ (အင်္ဂလန်) ကို ၁၁၈၃-၁၀၂၃ မှတ်၊ ကိုသရီ (အိန္ဒိယ)က မိုက်ရပ်ဆဲလ် (အင်္ဂလန်) ကို ၁၀၉၀-၅၉၄ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် ပီတာဂေးလ်ခရစ်နှင့် ကိုသရီတို့ တွေ့ဆုံမည်ဖြစ်သည်။

 

ဗိုလ်လုပွဲကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်သည်။              

 

ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေသွေးဦးက ကွာတားဖိုင်နယ်၊ ကျော်နိုင်ဦးက ၃၂ ဦး ရှုံးထွက်အဆင့်၊ ချစ်ကိုကိုနှင့် ပေါက်စက အုပ်စုအဆင့်တို့မှ ထွက်ခဲ့ရသည်။