ကမ္ဘာ့စီးပွားရေးဖိုရမ် စင်ကာပူနိုင်ငံတွင် ကျင်းပမည်

၈ ဒီဇင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများကြောင့် လာမည့်နှစ် မေလတွင် စင်ကာပူနိုင်ငံ၌ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း ဖိုရမ်ပွဲကျင်းပရေး စီစဉ်သူများက ဆုံးဖြတ်ခဲ့သည်။

 

 

အဆိုပါ ဖိုရမ်ကို ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်နှင်းလျှောစီး အပန်းဖြေစခန်း၌ နှစ်စဉ် ဇန်နဝါရီလရောက်တိုင်း ကျင်းပလေ့ရှိသည်။

 

 

အစိုးရနှင့် စီးပွားရေး ခေါင်းဆောင်များ၏ နှစ်စဉ်တွေ့ဆုံပွဲကို အာရှမြို့တော်တွင် မေလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဟု ၎င်းတို့က တနင်္လာနေ့က ပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အတော်အတန် ထိန်းချုပ်နိုင်ခဲ့သဖြင့် စင်ကာပူနိုင်ငံတွင် ကျင်းပရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 

 

ဖိုရမ်ပွဲစီစဉ်သူများက ယင်းဖိုရမ်ကျင်းပခြင်းကို ၂၀၂၁ ခုနှစ် မေလသို့ ရွှေ့ဆိုင်းရန်နှင့် ဆွစ်ဇာလန်နိုင်ငံ အလယ်ပိုင်းရှိ အခြားနေရာသို့ ရွှေ့ပြောင်းရန် အစောပိုင်းက ဆုံးဖြတ်ခဲ့သည်။

 

 

ဆွစ်ဇာလန်တွင် ဖိုရမ်ပွဲ တက်ရောက်သူများနှင့် အိမ်ရှင်များအနေဖြင့်  ဘေးကင်းလုံခြုံမှု ခက်ခဲလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို