ကမ္ဘာ့စနူကာပြိုင်ပွဲနှင့် အာရှဘိလိယက်၊ စနူကာပြိုင်ပွဲများတွင် မြန်မာဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်   ဖေဖော်ဝါရီ   ၈

မြန်မာ့လက်ရွေးစင် ဘိလိယက်နှင့် စနူကာကစားသမားများသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မတ်လတွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၀ ကမ္ဘာ့စနူကာပြိုင်ပွဲနှင့် အာရှ ဘိလိယက်၊ စနူကာ ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ဘိလိယက်၊ စနူကာနှင့် Pool ကစားသမားခုနစ်ဦး ရွေးချယ်ထားပြီး ယင်းကစားသမားများအနက် ဘိလိယက်နှင့် စနူကာ ကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ နိုင်ငံတကာဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်သည် ကမ္ဘာ့စနူကာချန်ပီယံ ရှစ်ပြိုင်ပွဲကို  မတ် ၁ ရက်မှ ၁၁ ရက်၊ အာရှဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို  မတ် ၁၂ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အာရှပြိုင်ပွဲတွင်  ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ ကမ္ဘာ့စနူကာပြိုင်ပွဲတွင် တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုး သမီးပြိုင်ပွဲနှင့် ယူ-၂၁ အမျိုးသားပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ပြီး မြန်မာဘိလိယက်အဖွဲ့သည် စနူကာစီနီယာအဆင့်ပြိုင်ပွဲနှင့် ဘိလိယက်ပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် ကစားသမားများ ဖြစ်သော ဘိလိယက်လက်ရွေးစင် အောင်ဆန်းဦး၊ ပေါက်စ၊ မင်းစည်သူထွန်း၊ စနူကာလက်ရွေးစင် အောင်ဖြိုး၊ ဝင်းကိုတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ယခုနောက်ပိုင်း နှစ်များတွင် ကမ္ဘာနှင့် အာရှအဆင့် ဘိလိယက်၊ စနူကာပြိုင်ပွဲများ၌ ပုံမှန်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။ ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပသည့် အာရှဘိလိယက်ပြိုင်ပွဲတွင် မြန်မာဘိလိယက် ကစားသမား နေသွေးဦးက ချန်ပီယံဆုရရှိခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲများ ပုံမှန်အတိုင်း ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။

ရဲရင့်လွင်