ကမ္ဘာ့စနူကာပြိုင်ပွဲတွင် မြန်မာကစားသမား သက်မင်းလင်း ပူးတွဲတတိယဆုရရှိ

နေပြည်တော် ၂၀ စက်တင်ဘာ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၏ 6 Red အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ဆက်လက်ကျင်းပရာ မြန်မာကစားသမား သက်မင်းလင်းသည် ဆီမီးဖိုင်နယ်၌ ရှုံးနိမ့်ပြီး ပူးတွဲတတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။ပြိုင်ပွဲတစ်လျှောက် ပုံစံကောင်းပြသနေသည့် သက်မင်းလင်းသည် ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသမား ပွတ်ရှ်ပန်ဒါနှင့် တွေ့ဆုံခဲ့ပြီး ငါးပွဲ-သုံးပွဲဖြင့် အနိုင်ရခဲ့သည်။ 


သက်မင်းလင်းသည် ပထမပွဲငယ်တွင် အနိုင်ရသော်လည်း ပွဲငယ်သုံးပွဲဆက်တိုက် အရေးနိမ့်ခဲ့သောကြောင့် သုံးပွဲ-တစ်ပွဲအရှုံးမှ လိုက်ကစားခဲ့ရသည်။ သို့သော် ကျန်ပွဲငယ်များတွင် အမှားမရှိသောကြောင့် ပွဲငယ်လေးပွဲဆက် ပြန်အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်တွင်မူ ပါကစ္စတန်ကစားသမား မိုဟာမက်နှင့် တွေ့ဆုံခဲ့ပြီး ငါးပွဲ-လေးပွဲဖြင့် အရေးနိမ့်ခဲ့သည်။ နှစ်ဦးစလုံး ပုံစံကောင်းပြသနိုင်သောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး လေးပွဲစီသရေကျနေသောကြောင့် နောက်ဆုံး ကိုးပွဲမြောက်ပွဲငယ်အထိ အဆုံးအဖြတ်ခံယူခဲ့ရသည်။ 


သက်မင်းလင်းသည် နောက်ဆုံးပွဲငယ်အစတွင် အမှတ်အသာဖြင့် ဦးဆောင်နိုင်သော်လည်း ပွဲသိမ်းနိုင်ခြင်းမရှိသောကြောင့် ၃၆-၁၆ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဗိုလ်လုပွဲသို့ ရာဝပ် (အိန္ဒိယ) နှင့် မိုဟာမက် (ပါကစ္စတန်) တို့ တက်ရောက်ခဲ့ပြီး သက်မင်းလင်းမှာမူ အိန္ဒိယကစားသမား အက်ဗာနီနှင့်အတူ ပူးတွဲတတိယဆုသာ ရရှိခဲ့သည်။ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၁ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။အသက် ၄၀ နှစ်အထက် မာစတာပြိုင်ပွဲ၊ အသင်းလိုက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများကို စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-IBSF