ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့မှသည် …

တင်ထက်ထက်ဇော်

 

ခွေးရူးရောဂါကာကွယ်ဆေးကို ပထမဆုံး ရှာဖွေဖော်ထုတ်နိုင်ခဲ့သော သိပ္ပံပညာရှင် Louis Pasteur ၏တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကြီးမှူး၍ နှစ်တစ်နှစ်၏ စက်တင်ဘာလ ၂၈ ရက်နေ့ကို “ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day)” အဖြစ် သတ်မှတ်ထားကာ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ ပြည်သူ့ဗဟိုပြု အသိပညာ ပေးလှုံ့ဆော်မှုများကို အသိပေးလျက်ရှိသည်။ WHO ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးပြန်ရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံး လျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့် အာဖရိကနိုင်ငံများ၏ ဆင်းရဲသောကျေးရွာ များတွင် ထိခိုက်မှုပိုမိုဖြစ်ပွားကြောင်းနှင့် ခွေးရူးပြန် ရောဂါကာကွယ်ဆေး ပူးပေါင်းပါဝင်ထိုးနှံထားခြင်း ဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၈၁၀၀၀ ကျော်တွင် ၎င်းရောဂါကြောင့် သေဆုံးခြင်းမှ ကာကွယ်ထား နိုင်ကြောင်း သိရသည်။

 

ခွေးရူးရောဂါဖြစ်ရသောအကြောင်းရင်း

 

ခွေးရူးရောဂါသည် Rhabdo (ခေါ်) ကျည်ဆန်ပုံ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရပြီး ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းတို့ကို အဓိကတိုက်ခိုက်သည်။ ၎င်းဗိုင်းရပ်စ်က လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးကို ကျရောက်စေနိုင်သည်။ ယနေ့ ကမ္ဘာပေါ်တွင် ၎င်းဗိုင်းရပ်စ်အဖြစ်များသော သတ္တဝါများမှာ ခွေး၊ ကြောင်၊ မြေခွေး၊ တောခွေး၊ ဝက်၊ နွား၊ သိုး၊ ဆိတ်၊ လင်းနို့၊ ဝံပုလွေ၊ ခွေးအ စသည့် တိရစ္ဆာန်များဖြစ်ကြသည်။ အာရှနှင့် အာဖရိကနိုင်ငံများတွင် ခွေးနှင့် ကြောင်တို့ကြောင့် ခွေးရူးပြန်ရောဂါဖြစ်ပွားကြပြီး တောင်အမေရိကတိုက်များတွင် လင်းနို့များမှတစ်ဆင့် ခွေးရူးပြန်ရောဂါ အများဆုံးပြန့်ပွားလေ့ရှိသည်။ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)၏ စစ်တမ်းအရ လူများတွင် ခွေးရူးရောဂါဖြစ်ရခြင်း၏ ၉၉ ရာခိုင်နှုန်းအထက်သည် ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်လာရကြောင်း လေ့လာမှတ်သားရပါသည်။

 

ခွေးရူးပြန်ရောဂါနှင့် ကမ္ဘာ

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ခွေးရူးရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး နိုင်ငံ တော်တော်များများက ထိုရောဂါအန္တရာယ်ကို အလေးထားထိန်းချုပ်ရန် ကြိုးစားနေကြသည်။ တစ်ကမ္ဘာလုံးခြုံကြည့်ရာ၌ နှစ်စဉ်နှစ်တိုင်း ခွေး ကိုက်ခံရပြီးနောက် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးရသော လူဦးရေ ၁၀ သန်းခန့်ရှိပြီး ယင်းရောဂါကြောင့် အသက်ဆုံးရှုံးရသူများမှာ ၅၅၀၀၀ ခန့် ရှိနေသည်။ ထိုသေဆုံးမှုပမာဏသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး ၎င်းတို့အနက် လူအများစုက အာရှနှင့် အာဖရိကတိုက်များမှ ဖြစ်ကြသည်။ ကိုဗစ်-၁၉ ရောဂါ မတိုင်ခင်ကာလအထိ ကောက်ယူခဲ့သော စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ခွေးရူးရောဂါကြောင့် သေဆုံးသူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ ဗီယက်နမ်နိုင်ငံဖြစ်ကာ ထိုင်းနိုင်ငံက တတိယအများဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ခွေးရူးရောဂါ အန္တရာယ်အများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ခွေးများတွင် ခွေးရူး ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရန်အတွက် အမျိုးသား စီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး ထိုစီမံကိန်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် တို့တွင် ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို One Health Strategy အနေဖြင့် ဆောင်ရွက်နေပြီဖြစ်သလို ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဝန်ထမ်းများကိုလည်း လိုအပ်သော ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စီမံချက်များ

 

ခွေးရူးရောဂါသည် ကာကွယ်ဆေးဖြင့် ရာနှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သဖြင့် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ယင်းရောဂါကြောင့် သေဆုံးမှုကို လျော့ပါးစေနိုင်ပါလိမ့်မည်။ ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)တို့ပူးပေါင်းကာ နိုင်ငံတော်အတွင်း ခွေးရူးရောဂါလျော့ကျရေး ကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်ဖြစ်လာမည့် အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်ကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အပြီးသတ်ရေးဆွဲအတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ခွေးကောင်ရေတစ်သန်း ကာကွယ်ဆေး ထိုးနှံချက်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Four Paws International အဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ High Risk ဒေသများတွင်လည်း ဆောင်ရွက်ခဲ့ ကြောင်း မှတ်တမ်းများအရ သိရသည်။

 

ကြောက်စရာခွေးရူးပြန်ရောဂါ

 

တိရစ္ဆာန်များတွင် ခွေးရူးရောဂါဖြစ်ပွားလျှင် တံတွေးထဲမှ ခွေးရူးရောဂါဗိုင်းရပ်စ်များစွာ ပါဝင်နေပြီး အခြားတိရစ္ဆာန်ကို ကိုက်လိုက်သောအခါ အနာထဲသို့ တံတွေးထဲမှ ခွေးရူးရောဂါဗိုင်းရပ်စ်များ ဝင်သွားကာ ရောဂါကူးစက်စေပါသည်။ ခွေးရူးကိုက် ခံရသောသူတွင် ၎င်းရောဂါပိုးကူးစက်ခံရပါက ဒဏ်ရာမှစ၍ အာရုံခံ(Nerves) ဆဲလ်များမှတစ်ဆင့် ဦးနှောက်ဆီသို့ တစ်ရက်လျှင် တစ်စင်တီမီတာနှုန်းဖြင့် တစ်စတစ်စ ပျံ့နှံ့သွားသည်။ ၎င်းပိုး ဦးနှောက်ဆီသို့ ရောက်သွားချိန်တွင် မည်သည့်နည်းနှင့်မျှ ကုသနိုင်စွမ်းမရှိတော့ဘဲ အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ခွေးရူးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ချက်ချင်းထိုးနှံပေးဖို့ အရေးကြီးသည်။ အကိုက်ခံရပါက သွေးထွက်မလွန်အောင် ဒဏ်ရာပေါ် လက်မဖြင့်ဖိထားပါ။ မိမိအိမ်တွင် ဒဏ်ရာကို ရေများများသုံးပြီး ဆပ်ပြာ သို့မဟုတ် Dettol ကဲ့သို့သော ပိုးသတ်ဆေးတစ်ခုခုဖြင့် အနည်းဆုံး အချိန်ဆယ်မိနစ်ကျော်ကြာသည်အထိ ရေစင်စင်ဖြင့် ဆေးကြောပေးဖို့လိုပါသည်။ ထို့နောက် နီးစပ်ရာဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ဆောလျင်စွာသွားပါ။ ဆရာဝန်က ညွှန်ကြားသည့်အတိုင်းလိုက်နာ၍ ကာကွယ် ဆေးကို အပြည့်အဝထိုးနှံရပါမည်။

 

ခွေးရူး၏ အမူအကျင့်များ

 

ရုတ်တရက် အမူအရာပြောင်းသွားခြင်း၊ ထိုင်းမှိုင်းခြင်း၊ အစာမစားခြင်း၊ အဖျားတက်ခြင်း၊ ၎င်းအား မည်သူကမျှ စိတ်ဆိုးအမျက်ထွက်အောင် မလုပ်ပါဘဲ သူ့အလိုလိုရန်လိုနေပြီး ကိုက်တတ်ခြင်း၊ တုတ်ချောင်း (သို့မဟုတ်) စက္ကူ စသည်ဖြင့် မြင်မြင်ရာကို ကိုက်ဝါးခြင်း၊ ကြောက်ရွံ့အားငယ်နေခြင်း၊ ဦးတည်ရာမဲ့ပြေးသွားခြင်း၊ အသံအက်ဖြင့် အူခြင်း၊ ဟောင်ခြင်း၊ အစာနှင့်ရေကို မျိုချရန်ခက်ခဲခြင်း၊ နောက်ဘက်ခြေထောက်များ ဆိုင်းသွားခြင်း၊ အလင်းရောင်ကို ကြောက်ခြင်း၊ မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊ ခက်ခက်ခဲခဲအသက်ရှူခြင်း၊ မေးရိုးများဟနေခြင်း၊ သွားရည် (သို့မဟုတ်) တံတွေးများ လွန်ကဲစွာထွက်ကျခြင်း စသည်တို့က ခွေးရူးရောဂါ ဖြစ်နေသော ခွေးတစ်ကောင်၏ အမူအကျင့်များ ဖြစ်သည်။

 

လူတွင်တွေ့ရသော ခွေးရူးပြန်ရောဂါလက္ခဏာများ

 

ခြေထောက်တွင်အကိုက်ခံရပါက ပျမ်းမျှ ၆၄ ရက်ခန့်၊ လက်မောင်းတွင်အကိုက်ခံရပါက ၃၂ ရက် ခန့်၊ မျက်နှာနှင့် လည်ပင်းအနီးတစ်ဝိုက်တို့တွင် အကိုက်ခံရပါက ၂၇ ရက်ခန့် ကြာမြင့်ပြီးနောက် ခွေးရူးပြန်ရောဂါလက္ခဏာများကို ယခုလို ခံစားရတတ်ပါသည်။ ၎င်းတို့မှာ တုပ်ကွေးရောဂါဖြစ် သကဲ့သို့ ခန္ဓာကိုယ်၊ လက်နှင့် ဦးခေါင်းကိုက်ခဲ ခြင်း၊ အလွန်အမင်းမ ောပန်းနွမ်းနယ်ခြင်း၊ ခွေးကိုက်ခံရသောဒဏ်ရာမှ စူးစူးနစ်နစ် ယား၍နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ပျို့အန်ခြင်း၊ တစ်ကိုယ်လုံး ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ရေကြောက်ခြင်း၊ ရေဆာသော်လည်း ရေကိုထိတွေ့ မြည်းစမ်းရမည်ကို တွန့်ဆုတ်နေခြင်း၊ လည်ချောင်းရောင်၍နာခြင်း၊ အိပ်စက်မရခြင်း၊ ဂနာမငြိမ်ခြင်း၊ သွားရည်များစွာထွက်ခြင်း၊ တက်ခြင်း၊ အစာစားချင်စိတ်မရှိတော့ခြင်း၊ အားနည်းခြင်း၊ ဦးနှောက် အမြှေး ပြင်းထန်စွာရောင်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အလင်းရောင်ကို မခံစားနိုင်တော့ခြင်း၊ ပါးစပ်မှ တံတွေးများစီးကျခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လေဖြတ်သကဲ့သို့ အဆစ်အမျက်များ ဆိုင်းသွားခြင်း စသည်တို့ ဖြစ်ကြသည်။

 

စားသောက်မှုပုံစံ

 

ခွေးရူးကိုက်ခံရပါက မည်သည့်အစားအစာမျှ အထူးရှောင်ရှားစရာမလိုအပ်ပါ။ ဆရာဝန်မှ ညွှန်ကြား ထားသည့်အတိုင်း နေထိုင်စားသောက်ပါ။ ခွေးကိုက်ခံရပါက ခွေးတောက်ရွက်မစားရဟု ရှေးရိုးစွဲရှိကြသော်လည်း အခါးအရသာဖြစ်သော ခွေးတောက်ရွက်က သွေးကျေဒဏ်ကျေစေနိုင်သဖြင့် စားပေး နိုင်ပါသည်။

 

ခွေး၊ ကြောင် ပိုင်ရှင်များလိုက်နာရန်

 

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိ၏ ခွေး၊ ကြောင်များကို ခွေးရူးကာကွယ်ဆေး မှန်မှန်ထိုးပေးပါ။ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ကြေညာချက်များကို စဉ်ဆက်မပြတ်လိုက်နာဆောင်ရွက်ပါ။

 

အချုပ်အားဖြင့်ဆိုသော် ခွေးရူးပြန်ရောဂါ ဖြစ်ပေါ်ခံစားရပါက ကုရာနတ္ထိဆေးမရှိပါ။ ခွေး ကိုက်ခံရပြီးနောက် ၁၀ နှစ်ကြာမှ ခွေးရူးပြန်ရောဂါ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက သတိပေးထားပါသည်။ ထို့ကြောင့် လမ်းမပေါ်ရှိ ပိုင်ရှင်မဲ့ခွေးကောင်းဖြစ်စေ၊ ခွေးရူးဖြစ်စေ အကိုက်ခံရပါက နီးစပ်ရာဆေးခန်းသို့ သွား၍ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံထားခြင်း ဖြင့် ဘဝနောင်ရေးအတွက် စိတ်အေးနိုင်ပါမည်။ မြန်မာပြည်သူပြည်သားများအနေဖြင့် အမျိုးသားရေးအသိစိတ်ဖြင့် ခွေးရူးရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တတ်အားသရွေ့ ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်းရေးသားရင်း ကမ္ဘာ့ ခွေးရူးပြန်ရောဂါနေ့မှသည် ခွေးရူးရောဂါ ဘေးဘယာကင်းဝေးကြပါစေကြောင်း။ ။