ကမ္ဘာကြီး၏ ခေတ်တစ်ခေတ် ပုံဖော်ထုဆစ်ကြရာဝယ်

mdn

ကိုရင်ဩ - ရေးသားသည်

 

ရွှေရတုသဘင်ပွဲ ဆင်ယင်နွှဲနိုင်ပြီဖြစ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်နှစ်ပတ်လည် ညီလာခံကြီးကို ဆွစ်ဇာလန်နိုင်ငံ၏ အဲ့လ်ပ်တောင်တန်းဒေသအရှေ့ပိုင်း တောင်ပေါ်အပန်းဖြေစခန်းတည်ရာ ဒါဗို့စ်မြို့ငယ်လေးတွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ယခုနှစ်၏ ထိပ်သီးညီလာခံရလဒ်များ အသို့ရှိသည်ကို စေ့ငုလေ့လာမိလေ၏။

 

ဆွေးနွေးငြင်းခုန်နိုင်

 

ကမ္ဘာ့စီးပွားရေးဖိုရမ်ဟူသည်ကား လူ့အဖွဲ့အစည်းအတွင်းရှိ စီးပွားရေးသမား များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ပညာ ရှင်များနှင့် ကမ္ဘာ့ခေါင်းဆောင်များ ဆုံစည်းကာ ကမ္ဘာ့ရှေ့ရေး၊ ဒေသဆိုင်ရာရှေ့ရေးနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများဆိုင်ရာ ရှေ့ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံနိုင်သော နေရာတစ်နေရာပါပေတည်း။

 

နှစ်စဉ် ဇန်နဝါရီလနှောင်းပိုင်းတွင် ဒဗလျူအီးအက်ဖ်ဟု အတိုကောက်ညွှန်း ဆိုသော ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ကျင်းပလေ့ ရှိသည်။ ကမ္ဘာ့ရေးရာအဖြာဖြာကို ပိုင်းခြား ဝေဖန်သုံးသပ်နိုင်ရန် ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပိုင်ကဏ္ဍများအလိုက် ဆွေးနွေးပွဲပေါင်း ၅၀ဝ ခန့်ဖော်ဆောင်ပေးပြီး စီးပွားရေးလုပ်ငန်းရှင် များ၊ ကမ္ဘာတစ်လွှားမှ နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင်များ၊ အကျော်ဇေယျ ပုဂ္ဂိုလ်များနှင့် သတင်းသမားများအပါအဝင် စုစုပေါင်း လူ ၃၀ဝ၀ ခန့် ဆုံစည်းခွင့်ကို ပေးစွမ်းလေသည်။

 

ယခုနှစ်တွင် ကျင်းပခဲ့သော နှစ် ၅၀ ပြည့် နှစ်ပတ်လည်ညီလာခံတွင် တစ်ကမ္ဘာ လုံး လွှမ်းခြုံထားသော အရေးကိစ္စလေးပါး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ရာသီ ဥတုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အရေးတယူ ဦးထိပ်ပန် ဆောင်ရွက်ကြရေး၊ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလုပ်ငန်း များကို အသွင်ပြောင်း ဆောင်ရွက်ကြရေး၊ စတုတ္ထမြောက် စက်မှုတော်လှန်ရေးဆီသို့ ဦးတည်နေချိန်တွင် နည်းပညာရပ်များကို ထိန်းကျောင်း ဆောင်ရွက်နိုင်ရေး၊ ပညာ ရေး၊ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင်စီးပွား ရေးလုပ်ငန်း စွမ်းဆောင်ရည်တို့ကို ပုံဖော် ထုဆစ်မည့် လူမှုရေးနှင့် နည်းပညာ ဆန်းသစ်ရေးတို့ကို လူ့ အဖွဲ့အစည်းနှင့်အညီ လိုက်လျောညီထွေဖြစ်စေရေးတို့မှာ ယခုနှစ် ၏ ဦးတည်ချက်ဆောင်ပုဒ်များ ဖြစ်ပေသည်။

 

သမိုင်းဝင် သမိုင်းတွင်ရစ်မည့် ညီလာခံ ကြီး၏ အနှစ်သာရမှာ ကမ္ဘာတစ်ဝန်းမှ သက်ဆိုင်သူများအားလုံး သမူဟပြု ပေါင်းစု နိုင်ခြင်းနှင့် ကမ္ဘာကြီးအခွန့်ရှည်ဖွံ့ဖြိုးတိုး တက်ရေးတို့ဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။

 

ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်မှု မြင့်မားစေမည့် ဦးတည်ချက်ဖြင့် တွေ့ကြုံနေရသော အခက် အခဲများအားလုံးကို မိမိတို့ အတူတကွဖြတ်ကျော်နိုင်ကြမည်ဖြစ်ကြောင်းကမ္ဘာ့စီးပွား ရေးဖိုရမ် ဥက္ကဋ္ဌ ဘော့ဂ်ဘရင်ဒေးက ပြော ကြားသည်။

 

အလားအလာကောင်းများ

 

ကုန်သွယ်ရေးတင်းမာမှုများ ပြေလျော့ သွားခြင်း၊ ဗဟိုဘဏ်များက သူတို့၏ တင်း ကျပ်လှသော ငွေကြေးမူဝါဒများကို ဖြေ လျှော့ပေးခဲ့ကြခြင်း၊ ကမ္ဘာလုံးဆိုင်ရာစက်မှု လုပ်ငန်းများ၏ ထုတ်လုပ်မှုအခြေအနေ ပြန်လည်၍ တိုးတက်ကောင်းမွန်စေမည့် အလားအလာများ ပြသလာခြင်းတို့သည် လတ်တလောတွေ့မြင်လာရသည့် အလား အလာကောင်းများအဖြစ် မှတ်ယူနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတယ်လင်နာရီဗာက ဝမ်းမြောက် စကားဆိုခဲ့သည်။

 

အိုင်အမ်အက်ဖ်၏ ဟောကိန်းထုတ်မှု အရ ကမ္ဘာ့စီးပွားရေးသည် လွန်ခဲ့သည့်နှစ်က ၂ ဒသမ ၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ရာမှ ယခု နှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းသို့ ခုန်တက်လိမ့် မည်ဟု မှတ်သားရ၏။ သို့ဖြစ်လင့်ကစား ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ခန့်မှန်းခဲ့သည့် နှုန်းထားဖြစ်သော ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ဧကန်ဧက ရောက်ရှိလိမ့်မည်ဟု မဆိုနိုင်ဘဲ ၃ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်နိုင်သည်ဟု အိုင်အမ်အက်ဖ်က ပြင်ဆင်ခန့်မှန်းခဲ့၏။

 

ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အကြီး မားဆုံးနိုင်ငံများဖြစ်ကြသော အမေရိကန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ၂၀၂၀ ပြည့်နှစ် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းများကို အကိုးအကားပြု ၍အိုင်အမ်အက်ဖ်အကြီးအကဲက ကမ္ဘာ့စီးပွား ရေး ပြန်လည်နာလန်ထူမည့် လက္ခဏာများနှင့် ပတ်သက်၍ ထောက်ပြပြောဆိုခဲ့လေသည်။

 

အိန္ဒိယနိုင်ငံတွင် မျှော်လင့်ထားသည်ထက် ပြည်တွင်းဝယ်လိုအား ပိုမိုလျော့နည်းသွားခဲ့သည်။ ဘဏ္ဍာရေးကဏ္ဍ ဆုတ်ယုတ်မှုများနှင့်ချေးငွေတိုးတက်မှုနှုန်းထား ကျဆင်းခဲ့ရသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးအရ စစ်ခင်းခဲ့ရသော တရုတ်နိုင်ငံမှာမူ မကြာသေးမီက ယင်းနိုင်ငံနှင့် ပထမအဆင့်ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ သို့ဖြစ်၍ ကမ္ဘာ့ဒုတိယ အင်အား အကြီးဆုံး စီးပွားရေးတည်ရာ တရုတ်နိုင်ငံ သည် စီးပွားရေးဘေးဥပဒ်များမှ ပြန်လည် သက်သာခွင့်ရရှိပေပြီ။

 

ကုန်သွယ်ရေးစစ်ပွဲ

 

ကမ္ဘာ့အကြီးဆုံး စီးပွားရေးတည်ရာ အမေရိကန်မှာမူ ယခုနှစ်တွင် စီးပွားရေးတိုး တက်မှုနှုန်း နှစ်ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်း ထားသည်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခြင်း သည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်စုတာ ကာလက ဘဏ္ဍာရေးကပ် ဆိုက်ရောက်ခဲ့ရပြီး နောက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အနိမ့် ဆုံးအဆင့်သို့ ကျရောက်စေခဲ့သည်ဟု ကျွန်ုပ် လေ့လာသိရှိရသည်။

 

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ် ၂၉ ခုတို့က ကမ္ဘာ့ငွေကြေးမူဝါဒနှုန်း (Global Monetary Policy Rate) ကို ၇၀ ကြိမ်တိုင်တိုင် လျှော့ချပေးခဲ့ရသည်။ GMPR ကို ပျမ်းမျှအတိုးနှုန်းဟု မှတ်ယူနိုင်သည်။ သို့ဖြစ်လင့်ကစား အတိုးနှုန်းများ လျှော့ချပေး ခြင်း၊ ချေးငွေ့ဖွံ့ဖြိုးမှုနှုန်း မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ရုံမျှဖြင့် လုံလောက်မည်မဟုတ်ဘဲ ဘဏ္ဍာရေးမူဝါဒ ပိုမိုတိုးတက်စေရေးအတွက် အားထည့်ကြိုးပမ်းကြရမည် ဖြစ်ကြောင်း အိုင်အမ်အက်ဖ်က တိုက်တွန်းခဲ့သည်။

 

ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ ခရစ္စတင်းလာ ဂတ်ကမူ ကမ္ဘာ့စီးပွားရေးတိုးတက်မည့်ဘက်မှ  အပြုသဘော ရှုမြင်ထားသည်။ ကမ္ဘာ့ကုန်သွယ်ရေးပြဿနာများ ပြန်လည်ပြေလျော့စပြုလာ ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကိစ္စ ပိုမိုအဆင်ချောလာခြင်းတို့သည် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုအတွက် အပေါင်း လက္ခဏာများဖြစ်သည်ဆို၏။

 

ဥရောပဗဟိုဘဏ်(စီဘီ)သည် မဟာ ဗျူဟာ သုံးသပ်ချက်တစ်ရပ်ကို မကြာမီက ထုတ်ပြန်ခဲ့သည်။ အီးစီဘီ၏ ဥက္ကဋ္ဌသစ် လာဂတ်သည် ဥရောပတိုက်လုံးဆိုင်ရာ ဗဟို ဘဏ်ကြီး၏ ရည်မှန်းချက်ပန်းတိုင်ကို ပြန်လည်ပုံဖော်ထုဆစ်နိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။ ပြင်သစ်နိုင်ငံသူ လာဂတ်သည် နိုင်ငံရေး သမားလည်းဖြစ်၊ ရှေ့နေလည်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ အီးစီဘီ၏ အကြီး အကဲ ဖြစ်လာသည်။ သူသည် ၂၀၁၁ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ | အိုင်အမ်အက်ဖ်၏ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းအပြင် ပြင်သစ်အစိုးရအဖွဲ့တွင် ဝန်ကြီးတာဝန် အမျိုး မျိုးတာဝန်ယူခဲ့သူလည်း ဖြစ်သည်။

 

ဥရောပသမဂ္ဂ (အီးယူ)၏ အဖွဲ့ဝင် ၁၉ နိုင်ငံပါဝင်သော အီးစီဘီသည် ယူရိုဇုန်၏ ငွေကြေးမူဝါဒကို စီမံခန့်ခွဲပေးနေသည့် အဖွဲ့ အစည်းကြီးဖြစ်သည်။

 

ကြယ်တစ်ပွင့်ပမာ

 

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် ထွန်းလင်းတောက်ပနေ သော ကြယ်တစ်ပွင့်ပမာ ဆက်လက်ရပ်တည် နေဆဲဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စတီဗင်အမ်ချင်က ပြောကြားသည်။ ၂၀၂၀ ပြည့်နှစ်သည် အမေရိကန်စီးပွားရေးအတွက် အလားအလာကောင်းကြောင်း ငွေကြေးဖောင်းပွမှုနှုန်းအရ ပြဿနာမရှိနိုင် ပြည်သူတို့ဝင်ငွေများ မြင့်တက်နိုင်၊ အလုပ်လက်မဲ့ဖြစ်မှုနှုန်း သမိုင်းနှင့်ချီ၍ အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနိုင်သည်ဟု သူက ဝံ့ဝံ့ ကြွားကြွား ပြောကြားသည်။

 

ဥရောပသမဂ္ဂနှင့်ရော ဗြိတိန်နိုင်ငံနှင့်ပါ ကုန်သွယ်ရေးဆွေးနွေးပွဲများ စတင်လိုက်နိုင်ပြီ ဖြစ်ကြောင်း၊ ယခုနှစ်အတွင်းမှာပင် ကုန်သွယ် ရေးသဘောတူညီချက်သစ်များ ရရှိလာလိမ့် မည်ဟု မိမိမျှော်လင့်ကြောင်း ဝန်ကြီး အမ်ချင် က ပြောကြားသည်။

 

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီး နောက် ကုန်သွယ်ရေးဆက်ဆံမှုများ အရှိန် အဟုန်မပျက် ဆက်လက်ရှိနေရန် ကြိုးပမ်း နေသူမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဖြစ်ပြီး အမေရိကန်နှင့် ဥရောပကော်မရှင် နှင့်ပါ ဆွေးနွေးပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသွားလိုသည်ဟု သူရည်မှန်းထားသည်။

 

ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း တစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟု မိမိမျှော်လင့်ကြောင်း ဂျပန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဟာယူဟီကိုကူရိုဒါက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် ခဲကတ် နေဆဲဖြစ်သည်ဟု သူကဆိုသည်။ သို့ရာတွင် ငွေကြေးဖောင်းပွမှုနှုန်း နှစ်ရာခိုင်နှုန်းတွင် သာ ရှိနေစေရေးအတွက် ငွေကြေးမူဝါဒဆိုင် ရာ ထိန်းညှိဆောင်ရွက်မှုများကို အချိန်ယူ ကာ ဆောင်ရွက်ရလိမ့်မည်ဆို၏။

 

ရာသီဥတုအပေါ်တည်မှီ

 

ဂျပန်စီးပွားရေးတိုးတက်မှုနှင့် ဆုတ် ယုတ်မှုတို့သည် ရာသီဥတုအပေါ် တည်မှီနေ သည်ဟု ကူရိုဒါက သုံးသပ်သည်။ လွန်ခဲ့ သည့်နှစ် စတုတ္ထသုံးလပတ်ကာလတွင် တိုင်ဖွန်းမုန်တိုင်းကြီးနှစ်လုံးနှင့် ကြုံတွေ့ ရခြင်းကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာ မှုများ ရှိခဲ့ရသည်။

 

စီးပွားရေးတိုးတက်မှုအတွက် ဆောင် ရွက်ရာတွင် တွေ့ကြုံရအံ့သော ဘေး အန္တရာယ်တစ်ရပ်မှာ ရာသီဥတုဖြစ်သည်။ ယနေ့ကာလတွင် ဂျပန်နိုင်ငံနည်းတူပင် ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း ကမ္ဘာ ကြီး ပူနွေးလာမှု၏ တန်ပြန်အကျိုး သက် ရောက်မှုများမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်း နေကြရသည်။

 

ယခုနှစ်၏ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ရာသီဥတုအရေးကို အလေးပေးဆွေးနွေးခဲ့ကြသည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော အကြီးဆုံးပြဿနာများအနက် တစ်ခုဖြစ် သည့် ရာသီဥတုပြဿနာသည် ရက်သတ္တပတ် တစ်ပတ်ကြာမြင့်သည့် ညီလာခံ ၏ ဆွေးနွေးမှုများအပေါ် ဖိစီးနေခဲ့သည်။

 

ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို မည်သို့မည်ပုံ ရင်ဆိုင်ကျော်လွှားကြမည် ဆိုခြင်းနှင့် ပတ်သက်၍ ညီလာခံတွင် ဝန်ကြီး အမ်နုချင်နှင့် ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ လာဂတ်တို့ အကြိတ်အနယ် ဆွေးနွေး ငြင်းခုံခဲ့ကြသည်။

 

အမေရိကန်ပြည်ထောင်စုသည် စီးပွား ရေး ပွင့်လန်းမှုအလယ်တွင် ဆက်လက် ရပ်တည်နေဆဲဖြစ်ပြီး မိမိတို့သည် ကမ္ဘာ့ ရာသီဥတုဘေးအတွက် ရတက်မအေးဖြစ်ရမှု မရှိပါဟူ၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဂုဏ်ယူဝံ့ကြွား စွာ ပြောကြားခဲ့သည်။

 

ညီလာခံဖွင့်ပွဲနေ့မှာပင် မကြုံစဖူး ထူးထူးကဲကဲ ထိပ်တိုက်တွေ့ခဲ့သူနှစ်ဦးမှာ အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတထရမ့်နှင့် အသက် ၁၇ နှစ်မျှသာရှိသေးသော တက်ကြွ လှုပ်ရှားသူဆွီဒင်လုံမလေးဂရီတာသန်းဘာ့ဂ် တို့ဖြစ်ကြသည်။ ကမ္ဘာကျော်ရာသီဥတု အရေး တက်ကြွလှုပ်ရှားသူ ဂရီတာသည် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အမေရိကန် ခေါင်းဆောင်များကို အပြစ်တင်စကားဆိုခဲ့ သည်။ အမေရိကန်သည်ရာသီဥတုအရေးနှင့် ပတ်သက်၍ မစို့မပို့မျှသာ ကတိစကားဆိုခဲ့ သည်ဟု ဂရီတာက အတိအလင်းဝေဖန်ခဲ့ သည်။

 

တင့်တောင်းတင့်တယ်

 

အနာဂတ်ဟောကိန်းထုတ်သူများ၏ ကမ္ဘာကြီးပျက်လိမ့်မည်ဟူသော ကြိုတင်ဟောကိန်းများမှာ အဆိုးမြင်ဝါဒ သက်သက် သာဖြစ်ကြောင်း၊ မိမိ၏မူဝါဒများသည် အမေရိကန်နိုင်ငံသားများအားလုံး စီးပွားရေး အရ တင့်တောင်းတင့်တယ် နေထိုင်နိုင်စေ မည့် ခေတ်သစ်တစ်ခုဆီသို့ ဦးတည်နေပြီ ဖြစ်ကြောင်း သမ္မတထရမ့်က အားပါးတရ ဆိုမိန့်ခဲ့သည်။ မည်သို့ပင်ဆိုစေ ကမ္ဘာ့စီးပွား ရေးဖိုရမ်တွင် ကမ္ဘာကြီးရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ရာသီဥတုပြောင်းလဲမှုပြဿနာကို စုပေါင်း ကိုင်တွယ်ဆောင်ရွက်ကြရန် တပ်လှန့် နှိုးဆော်နိုင်ခဲ့သည်ဟု ကျွန်ုပ်တွေးတော | မိရင်း ကမ္ဘာကြီး၏ ခေတ်တစ်ခေတ် ပုံဖော်ထုဆစ်ကြရာဝယ်ဟု ကျူးရင့်မိပါ သတည်း။ ။