ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများ

 

သီဟစည်သူ

 

ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါပြီ။ ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ အကြီးမားဆုံးစိန်ခေါ်မှုပါ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုတွေဟာ တိုက်ရိုက်ဆက်စပ်နေပြီးတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတောင်တွေအရည်ပျော်တာ၊ မိုးခေါင်တာ၊ ရေကြီးတာ၊ အပူလှိုင်းဖြတ်တာ၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ အပင်တွေရဲ့ နေရင်းဒေသတွေပျောက်ဆုံး၊ ပျက်စီးတာနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာတွေ မကြာခဏဖြစ်ပေါ် ခံစားနေကြရပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလကစတင်ခဲ့တဲ့ စံချိန်တင် အပူလှိုင်းဖြတ်မှုကြောင့် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံမှာ လူပေါင်းတစ်ဘီလီယံလောက် အပူဒဏ်ကို ခံစားနေရပါတယ်။ လွန်ခဲ့တဲ့ ၁၂၂ နှစ်အတွင်းမှာ အပြင်းထန်ဆုံး စံချိန်တင် အပူလှိုင်းရိုက်ခတ်မှုဖြစ်ပြီးတော့ ပျမ်းမျှ ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် ကျော်လွန်ရောက်ရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။

 

ပြင်းထန်တဲ့အပူချိန်မြင့်တက်မှုတွေကြောင့် ရေခဲတောင်တွေ အရည်ပျော်ကျလာပြီး လူပေါင်းခုနစ်သန်းလောက် ရေကြီးမှုဒဏ်ကို လည်း ခံစားရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ကြိုတင်ဟောကိန်း ထုတ်ထားပါတယ်။

 

ပါကစ္စတန်နိုင်ငံမှာဆိုရင် မတ် ၁၅ ရက်က အပူချိန် ၄၉ ဒီဂရီ ဆဲလ်စီးရပ်စ် (၁၂၀ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပြီး ဧပြီလရဲ့ အမြင့်ဆုံး အပူချိန်ထက်တောင် စံချိန်တင်မြင့်တက်ခဲ့တယ် လို့ ဂါးဒီယန်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအပူချိန်ကြောင့် ပါကစ္စတန်နိုင်ငံ တာဘတ်မြို့က နဇာအာမက်က “ငရဲကျနေသလို ပါပဲ”လို့တောင် ပြောပါတယ်။

 

mdn

 

ဒီအပူဒဏ်ကို အန်တုဖို့အတွက် အဲကွန်းတွေ၊ ပန်ကာတွေဖွင့်ဖို့ နေနေသာသာ ကျောက်မီးသွေးလောင်စာ ပြတ်တောက်မှုကြောင့် တစ်ရက်မှာ လျှပ်စစ်မီး ၉ နာရီလောက်တောင်မရကြပါဘူး။ အပူလှိုင်းကြောင့် တချို့ပြည်နယ်တွေမှာ ကျောင်းတွေပိတ်လိုက်ရပြီး အပူဒဏ်ကြောင့် ကလေးတွေ နှာခေါင်းသွေးယိုတာတွေပါ ခံစားနေ ကြရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကြောင့် ကာဗွန်ထွက်ရှိမှုက နှစ်စဉ် ၂ ဒသမ ၅ မဂ္ဂါတန်လောက် ထွက်ရှိနေတာပါ။ အဓိကကမ္ဘာကြီးပူနွေးလာရတဲ့ အကြောင်းရင်းတွေကလည်း ဒီလိုရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုက ကာဗွန်ထုတ်လုပ်မှု မြင့်မားတာတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ အသုံးပြု နေတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျောက်မီးသွေး လောင်စာကို အသုံးပြုနေတဲ့အတွက် အစိမ်းရောင်းစွမ်းအင် စနစ်ကိုသွားဖို့အတွက် ခြေလှမ်းတွေအများကြီး နောက်ကျနေခဲ့တာပါ။

 

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(IPCC) ရဲ့ ဖေဖော်ဝါရီလ ထုတ်ပြန် ချက်အရ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဟာ ကမ္ဘာကြီးတစ်ခုလုံးအတွက် အနီရောင်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခု လက်ရှိမှာ ကမ္ဘာ့အပူချိန် ၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးရပ်စ်ခန့်အထိ ရောက်ရှိနေပြီး လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ၁ ဒသမ၅ ထက် မကျော်အောင်၊ ဒါမှမဟုတ် ၂ ဒီဂရီဆဲလ်စီးရပ်စ်အောက် အတော် များများ လျော့နည်းအောင် ထိန်းထားနိုင်ဖို့လိုကြောင်း ဖော်ပြထားပါတယ်။

 

ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းထားနိုင်ဖို့ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို ချက်ချင်းလျှော့ချပြီးတော့ နေရောင်ခြည်စွမ်းအင်နဲ့ လေအားလျှပ်စစ်တို့ကဲ့သို့ အစိမ်းရောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ပိုမိုတိုးမြှင့်သုံးစွဲဖို့ လာမယ့် ဆယ်စုနှစ်နှစ်ခုအတွင်း မဖြစ်မနေလုပ်ဆောင်မယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေ ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ဘေးတွေကို တတ်နိုင်သမျှရှောင်ရှား နိုင်မှာ ဖြစ်ပါတယ်လို့ IPCC က အကြုံပြုထားပါတယ်။

 

မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ မိုးရာသီရောက်ရှိလာတော့ မှာဖြစ်ပါတယ်။ နှစ်စဉ် မိုးရာသီကာလမှာ ရေကြီးနစ်မြုပ်မှုတွေနဲ့ မြေပြိုတာတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးတာတွေအပြင် မြစ်ညာဘက်က ရေခဲတောင်တွေ အရည်ပျော်တာတွေကြောင့်လည်း မေလကစပြီး ထူးကဲမြစ်ရေကြီးမှုတွေ၊ ဒီရေတက်မှုတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၂၀၁၉ ခုနှစ်အတွင်း ရေကြီးမှုကြောင့် လူပေါင်း ၂၃၀၀၀၀ ကျော် ဘေးသင့်ခဲ့ပြီးတော့ ကျောင်းပေါင်း ၅၀၀ ကျော် ပိတ်ထားခဲ့ရဖူးပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် ပေါင်မြို့နယ်မှာ မြေပြိုမှုကြောင့် လူ ၇၅ ဦး သေဆုံးခဲ့မှုတွေဖြစ်ပွားခဲ့ဖူးပါတယ်။ အခု အချိန်အထိလည်း နှစ်စဉ် မြစ်ကမ်းဘေးနဲ့ ပင်လယ်ကမ်းစပ်မှာ နေထိုင်ကြတဲ့ လူပေါင်း ၁၂၅၀၀၀ လောက်က ရေကြီးနစ်မြုပ်မှုအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်တွေကို အခြေခံပြီး ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဆိုတာကို  သတိချပ်ကြရတော့မှာ ဖြစ်ပါတယ်။

 

ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်တဲ့ အကျိုးဆက်တွေကို မကြုံတွေ့မခံစားဖူးတဲ့ နိုင်ငံဟူ၍မရှိပါ။ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ၁၉၉၀ ပြည့်နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် ပို၍မြင့်တက်နေပါတယ်။ ပင်လယ်ရေမျက်နှာပြင်များသည် ၁၈၈၀ ပြည့်နှစ်ကတည်းကပင် ၂၀ စင်တီမီတာ (၈ လက်မ) ခန့် မြင့်တက်လာခဲ့ပြီး ၂၁၀၀ ပြည့်နှစ်အရောက်မှာ နောက်ထပ် ၃၀မှ ၁၂၂ စင်တီ မီတာ (၁ မှ ၄ ပေ) အထိ ခန့်မှန်းထားကြပါတယ်။ ရာသီဥတုနှင့်ဆက်စပ် နေတဲ့ ဘေးအန္တရာယ်တွေကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်ပျမ်းမျှ စီးပွားရေး ဆုံးရှုံးမှုများသည် ဒေါ်လာ ဘီလီယံ ရာချီအထိ ရှိနေသည်။ ၁၉၉၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြားတွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံအထိ သေကျေပျက်စီးခဲ့ပြီး ၄ ဒသမ ၄ ဘီလီယံမှာ ဒဏ်ရာအနာတရ ဖြစ်ပွားခဲ့တယ်လို့  ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

 

ထို့ကြောင့် ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၃)အဖြစ် ၂၀၅၀ ပြည့်နှစ်မတိုင်မီ ကမ္ဘာကြီး၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ် ပူနွေးမှုကို ကန့်သတ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင် အောက်ဆိုက် အသားတင် ထုတ်လွှတ်မှုများသည် ၂၀၁၀ နှင့် ၂၀၃၀ အကြား ၄၅ ရာခိုင်နှုန်းကျဆင်းရေး ၂၀၅၀ ပြည့်နှစ် ဝန်းကျင်ခန့်တွင် အသားတင် ထုတ်လွှတ်မှု သုညအထိ ရောက်ရှိရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ ဖွံ့ဖြိုးရေးစတဲ့ ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။ ။