ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 

 

နေပြည်တော်၊ မေ ၈

 

၂၀၂၃ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (ဘီ) ရုံတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ စစ်ရေးချုပ်ရုံး တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက် ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌဒေါက်တာတင်တင်လေးနှင့်အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက် ခြေနီ‌ ကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်သည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ကို စတင်တည်ထောင်သူ ဟင်နရီဒူးနန့် မွေးဖွားခဲ့သည့်  မေ (၈) ရက်ကို ဂုဏ်ပြုပြီး ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်၊ မေ (၈) ရက်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊  နှစ်စဉ် ကမ္ဘာ့ကြက်ခြေနီနေ့တွင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် မွန်မြတ်လှသည့် ကြက်ခြေနီလူမှုကရုဏာ လှုပ်ရှားမှုများနှင့် အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာလုပ်အားရှင်များကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း။

ယခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ “Everything we do comes #fromtheheart” ‘‘နှလုံးသားဖြင့်ကူညီတို့ ကြက်ခြေနီ’’ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ စေတနာလုပ်အားရှင်များ၏ စစ်မှန်သည့်မေတ္တာတရားနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ကရုဏာတရားရှေ့ထား၍ ကူညီဖေးမ ဆောင်ရွက်များကို အားပေးချီးမြှောက် ဂုဏ်ပြုလိုခြင်းဖြစ်ပြီး ကမ္ဘာ့တစ်ဝန်း စေတနာ လုပ်အားရှင်ပေါင်း ၁၅ သန်းခန့်သည်လည်း ကြက်ခြေနီလှုပ်ရှားမှု ကွန်ယက်များမှတစ်ဆင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နေကြသည်ဖြစ်ကြောင်း။

 

နိုင်ငံတော်၏အရေးကြီးသည့် ပုံရိပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသော အသင်းကြီးတစ်သင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတလျှောက် ရင်ဆိုင်ဖြတ်သန်းခဲ့ရသော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ မီးဘေး၊ လေမုန်တိုင်းဘေး၊ ငလျှင်ဘေးစသည့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း နိုင်ငံတော်၏ အရန်အင်အားအဖြစ် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမခွဲခြားဘဲ မိဘပြည်သူတစ်ရပ်လုံးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကယ်တင်ကူညီ စောင့်ရှောက်ခဲ့သည့် အသင်းကြီး ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ထင်ရှားသည့် ဆောင်ရွက်ချက်များအနေဖြင့် သဘာဝ ဘေးအန္တရာယ်များနှင့် အခြားသော အရေးပေါ်ကိစ္စရပ်များတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှု နှင့် တုံ့ပြန်မှုအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးလုပ်ငန်းများနှင့် ရောဂါဘယ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားရာတွင်လည်း ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စွမ်းစွမ်းတမံ ပူးပေါင်းကူညီ ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သော အသိပညာပေးလုပ်ငန်းများတွင် ကျေးလက်ဒေသ အောက်ခြေအထိ ပါဝင်ကူညီဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းများ၊ AHA Center ကဲ့သို့သော အဖွဲ့အစည်းများ၊ အခြားသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် လှူဒါန်းမှု၊ အကူအညီပေးမှုများ ဖြစ်စေရန် စီမံဆောင်ရွက်ခြင်း၊ ပြည်သူလူထုအတွင်း လူမှုကရုဏာ စေတနာရှင်/ လုပ်အားရှင်စိတ်ဓာတ်များ တိုးတက်ထွန်းကားလာစေရေးနှင့် အသိပညာပြန့်ပွားရေး တို့ကို  ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။

 

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသားကြက်ခြေနီ/ လခြမ်းနီအသင်းများနှင့်  ရင်ဘောင်တန်း လုပ်ဆောင်နိုင်ရန်အတွက် မျိုးဆက်သစ် လူငယ်များ၏ အားကို မဖြစ်မနေ ရယူရမည်ဖြစ်ပြီး ကြက်ခြေနီလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များ ပိုမိုပါဝင်လာအောင် စည်းရုံးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကြက်ခြေနီစိတ်ဓာတ် မြင့်မားစေရေး ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံကြက်ခြေနီ အသင်းကြီးအနေဖြင့် စံပြကြက်ခြေနီစခန်းများ ဖွင့်လှစ်ဂုဏ်ပြုသည့် အစီအစဉ်ကို ၁၉၇၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး စံပြကြက်ခြေနီစခန်း (၁၇) ကြိမ်၊ စံပြကြက်ခြေနီ တပ်ဖွဲ့ဝင် မောင်မယ်ပေါင်း (၃,၃၇၉) ဦးရှိခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ထူးချွန်ကြက်ခြေနီစခန်း (၂၁) ကြိမ်၊ ထူးချွန်ကြက်ခြေနီ တပ်ဖွဲ့ဝင်မောင်မယ် (၃,၂၃၇) ဦး ရှိခဲ့ကြောင်း၊  ယခု ကြက်ခြေနီညီလာခံ သက်တမ်းတွင် ထူးချွန်ကြက်ခြေနီများ ရွေးချယ်ခြင်း၊ စခန်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ရန်စီစဉ်ထားရှိသည်ကို သိရှိရ၍ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း။

 

နိုင်ငံတော်အနေဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဝင်များကို အသိအမှတ်ပြု ချီးမြှင့်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် စိုင်းအောင်လှိုင်မြင့်၊ တပ်ကြပ်ကြီး၊  မြစ်ကြီးနားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ (ဟင်နရီဒူးနန့်ဆုရှင်) က ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့ပြင်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ အသင်းဝင်များနှင့် အနေဖြင့် နိုင်ငံတော်မှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်များကို ၎င်းတို့သွေးလှူဒါန်းသည့် အကြိမ်များအလိုက် ရရှိကြရာ သွေးလှူရှင်များအတွက် လူမှုထူးချွန်ဆု (ပထမအဆင့်) ကို ကချင်ပြည်နယ်မှ ကြက်ခြေနီအသင်းဝင် နှစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီအသင်းဝင်တစ်ဦးတို့က ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ထောက်ပံ့ပူးပေါင်း ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Christine Khoury  တို့က ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားကြပြီး​ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်း ဗီဒီယိုကိုပြသသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် နေပြည်တော် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များက ရှေးဦးပြုစုခြင်းဆိုင်ရာ သရုပ်ပြသကြပြီး  ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ထမ်းစင်ဖြင့် လူနာသယ်ဆောင်ခြင်းကို သရုပ်ပြသကြသည်။

 

ထို့နောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)တို့က လည်းကောင်း၊ ကဗျာ ပြိုင်ပွဲတွင် ဆုရရှိသူများကို  ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း နှင့်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းတို့က လည်းကောင်း ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရှေးဦးပြုစုခြင်းနှင့် ထမ်းစင်ဖြင့် လူနာသယ်ဆောင်ခြင်း သရုပ် ပြသခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များအား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်  မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ မျိုးညွန့်တို့က ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်သည်။

 

mdn

     

ဆက်လက်၍  မြန်မာနိုင်ငံကြက်ခြေနီသူနာပြု​တပ်ဖွဲ့တွင် အသက် (၆၅) နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်နယ်/တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စား မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး
ဦးကျော်ကျော်အား  မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးက ဂုဏ် ပြုမှတ်တမ်းလွှာကိုပေးအပ်သည်။
    

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပြခန်းများကို ကြည့်ရှုသည်။

ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ်မှစတင်ကာ နှစ်စဉ်မေ(၈)​ရက်တွင် ကမ္ဘာတဝန်း၌ ကျင်းပခဲ့ရာယခုနှစ်တွင် (၇၅) နှစ် ရွှေရတုနှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်