ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးအား အရေးပေါ်သုံးစွဲခွင့်ပြု

ဂျီနီဗာ နိုဝင်ဘာ ၅

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covaxin ကို အရေးပေါ် သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Bharat Biotech ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ဆေး၏ ရောဂါခုခံနိုင်စွမ်းနှင့် ဘေးကင်းလုံခြုံမှုတို့ကို စမ်းသပ်စစ်ဆေးပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်သုံးစွဲခွင့် ပြုခြင်းဖြစ်သည်။ ။

 

ယင်းဆေးသည် နှစ်ကြိမ်ထိုးနှံရမည့်ဆေးအမျိုး အစားဖြစ်ပြီး ပထမအကြိမ် ထိုးနှံမှုခံယူပြီးနောက် ၁၄ ရက်အကြာတွင် ဒုတိယအကြိမ် ထိုးနှံမှုခံယူရမည် ဖြစ်သည်။ အဆိုပါဆေးသည် ကိုဗစ်-၁၉ ရောဂါခုခံ နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆိုသည်။

 

ထို့ပြင် အဆိုပါကာကွယ်ဆေးသည် ပုံမှန်ရေခဲ သေတ္တာများတွင် သိုလှောင်ထားနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင့်လျော်မည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေး ဖြန့်ဖြူးရေးအစီအစဉ် COVAX တွင် အဆိုပါကာကွယ်ဆေးကို ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ COVAX အစီအစဉ်အရ ယခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀၀ ဖြန့်ဖြူး ထောက်ပံ့သွားမည်ဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်လျက်ရှိသည့်အတွက် ကာကွယ်ဆေးအလုံးရေ ၄၃၅ သန်းခန့်သာ ဖြန့်ဖြူးပေးရသေးကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Pfizer ၊  Moderna ၊ AstraZeneca ၊ Johnson & Johnson နှင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်မျိုးတို့ကို အရေးပေါ် သုံးစွဲခွင့်ပြု ထားပြီးဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်