ဂျီနီဗာ မေ ၂၀

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ကျန်းမာ ရေးညီလာခံက  မေ ၂၀ ရက်တွင် ကမ္ဘာ့ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ 

၎င်းညီလာခံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမကထပြု၍  မေ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

ကြိုးပမ်းဆောင်ရွက်

၎င်းကပ်ရောဂါကာကွယ်ရေး သဘောတူညီချက်တွင် ကူးစက်ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်းအတွက် လက်ရှိစနစ်များကို ကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲရန် ပလက်ဖောင်းများနှင့် ယန္တရားအသစ်များ ဆက်တိုက်ထူထောင်ရန် အဆိုပြုထားသည်။ ၎င်းသဘောတူညီချက်အရ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ကုန်များကို သုတေသနပြုခြင်းကို  မြှင့်တင်ရန်၊ ယင်းထုတ်ကုန်များ၏ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုအစီအစဉ်ကို ချိန်ညှိရန်နှင့် နိုင်ငံတကာ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှု များကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်သည်။ 

အဆိုပါကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သမိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အတွက် အထင်ရှားဆုံးအောင်မြင်မှုဖြစ်လာကြောင်းနှင့် ၎င်းသဘောတူညီချက်အရ လူသားမျိုးနွယ်အား ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ရန်နှင့် တုံ့ပြန်ရန် ယခင်ကထက် ပိုမိုအားကောင်းသည့်အနေ အထားတွင် ပြင်ဆင်ထားရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂါဘရီယီဆက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့်  ကမ္ဘာ့ကျန်းမာရေး ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မူဘောင်အောက်တွင် ကူးစက်ရောဂါဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရေးဆွဲရန် ညှိနှိုင်းရေးအဖွဲ့ကို တည်ထောင်ခဲ့ပြီး ကပ်ရောဂါကြိုတင်ပြင်ဆင်မှု၊ ကာကွယ်မှုနှင့် တုံ့ပြန်မှုများအတွက်  ကမ္ဘာလုံးဆိုင်ရာစွမ်းဆောင်ရည်များ မြှင့်တင်ရေးဆောင်ရွက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ