ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဒလမြို့နယ်ရှိ အထင်ကရနေရာများနှင့် လူနေမှုဘဝပုံစံများ လည်ပတ်လေ့လာ

ရန်ကုန်  ၃၀   နိုဝင်ဘာ

 

ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်သို့ ကမ္ဘာလှည့် ခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ရောက်လည်ပတ်လျက်ရှိရာ ခရီးသွားရာသီ ပွင့်လင်းကာလ၌ လည်ပတ်လေ့လာမှုပို၍ များပြားလျက်ရှိသည်။ အဆိုပါ ခရီးသွားဧည့်သည်များသည် ရန်ကုန်မြို့ ပန်းဆိုးတန်း ဆိပ်ကမ်းမှတစ်ဆင့် ဒလဆိပ်ကမ်းသို့ ချယ်ရီသင်္ဘော ကူးတို့ရေယာဉ်များဖြင့် စီးနင်းလိုက်ပါပြီး ဝင်ရောက် လည်ပတ်ကြသည်။ ယနေ့ နံနက် ၉ နာရီအချိန် က ဥရောပနိုင်ငံသားအများစု ပါဝင်သော ကမ္ဘာလှည့်ခရီးသည် (၂၃)ဦးတို့သည် ဒလမြို့နယ်ရှိ အထင်ကရနေရာများနှင့် လူနေမှုဘဝပုံစံများကို လည်ပတ်လေ့လာကြကြောင်း မြင်တွေ့ရသည်။

 

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ စပိန်၊ သြစတြေးလျ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ နိုင်ငံများမှ  ကမ္ဘာလှည့်ခရီးသည် ၂၃ ဦး၊ ဧည့်လမ်းညွှန် ဦးတင်မောင်မောင်၊ Myanmar Voyages Internation Tourism  မှ  ဝန်ထမ်း(၂)ဦး စုစုပေါင်း(၂၆)ဦး တို့သည် ဒလသင်္ဘောဆိပ်ကမ်းမှ အနှေးယာဉ်ဆိုက်ကားများ စီးနင်းလိုက်ပါပြီး ဒလမြို့နယ် မြို့မ(၃)ရပ်ကွက် မြို့မဇေယျဝတီစာသင်တိုက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ရွှေစာရံစေတီတော်မြတ်ကြီး၊  ရဟန္တာဦးပညာ စံကျောင်း၊  ဗညားဒလရပ်ကွက်ရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများဖြင့် စည်းကားနေသည့် အောင်ဇေယျဈေးနှင့်  ဒေသခံပြည်သူများ၏ လူနေမှုဘဝ ပုံစံများကို လည်ပတ်လေ့လာခဲ့ကြောင်း သိရသည်။

 

ဒလမြို့နယ်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသားများခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှုအနေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာအထိ စုစုပေါင်း(၂၆၀၇၄)ဦး၊ အောက်တိုဘာလတွင် ခရီးသွားဧည့်သည် စုစုပေါင်း(၂၁၂၂) ဦး စီးနင်းလိုက်ပါလျက်ရှိကြောင်း ရန်ကုန်ပန်းဆိုးတန်းဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နု ထံမှ သိရသည်။

 

နိုဝင်ဘာ ၂၉ ရက်နေ့ က မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘောကြီးမှ လိုက်ပါလာသော  ဥရောပနိုင်ငံသား အများစုသည်  ဒလမြို့နယ် အတွင်း  နိုဝင်ဘာလ ၂၉ ရက်နေ့က ၂၂ ဦး ၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ယနေ့နံနက်တွင် ၂၃ ဦး တို့ လည်ပတ်လေ့လာခဲ့ပြီး၊  ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၄)ရက်တိုင်တိုင် ကမ္ဘာလှည့်ခရီးသည်များသည် ဆက်လက်၍ ဒလမြို့နယ်အတွင်းသို့ လည်ပတ်လေ့လာသွားကြမည်ဖြစ်ကြောင်း၊ မြို့နယ်အနှေးယာဉ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဌေး ထံမှ သိရသည်။

 

စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော်လည်း  သွားလာလည်ပတ်လေ့လာကြသည့် ကမ္ဘာလှည့်ခရီးသွားများနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု များပြားခြင်းကြောင့်  အနှေးယာဉ်ဆိုက်ကားများဖြင့်  အသက်မွေးဝမ်းကြောင်း ပြုလုပ်ကိုင်ကြသည့်  အနှေးယာဉ်ဆိုက်ကားသမားများ၏ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက် ရှိပြီး၊ ပွင့်လင်းရာသီကာလ၌ နိုင်ငံခြားသားများ ဝင်ရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)