ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မော်တော်ယာဉ်များဖြင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက် လည်ပတ်လျက်ရှိ

နေပြည်တော် ၂၃ ဇန်နဝါရီ

 

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Bright View Travels & Tour Co., Ltd ၏ စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံသား ဧည့်သည် ၃၁ ဦးနှင့် ထိုင်းနိုင်ငံသား ဧည့်သည် တစ်ဦး  စုစုပေါင်း ၃၂ တို့သည် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Tata ကုမ္ပဏီမှ မော်တော်ယာဉ် ၁၂ စီးဖြင့် တမူး နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး တမူး- ကလေး- မန္တလေး- ကျိုက်ထို- မြဝတီမြို့ များသို့ သွားရောက်၍ ခရီးစဉ်တစ်လျှောက်ရှိ ခရီးသွား ဆွဲဆောင်မှုရှိသော နေရာများကို လည်ပတ်ခဲ့ကြပြီး ဇန်နဝါရီ ၁၇ ရက်နေ့တွင် မြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိရသည်။

 

 

ခရီးသွားပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံသို့ တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အုပ်စုလိုက်အနေဖြင့်လည်းကောင်း၊ ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့်လည်းကောင်း စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

 

MDN