ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

 

ဗန်ကောက် အောက်တိုဘာ ၅

 

ဗန်ကောက်မြို့လယ်ရှိ နာမည်ကြီး ဈေးဝယ်စင်တာတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ရက်အကြာတွင်  ခရီးသွားများ၏  လုံခြုံမှုနှင့် ယုံကြည်မှု ပြန်လည်ရရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာသာ ဗီဆင်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

 

ထိုင်းအစိုးရသည် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးရန် အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုင်းရင်းပါရာဂွန် ကုန်တိုက်တွင် တစ်မိနစ်ကြာ ငြိမ်သက်ဆုတောင်းခြင်းနှင့်အတူ ကွယ်လွန်သူအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 

အရေးပေါ်အခြေအနေများကို ပြည်သူများအား အသိပေးနိုင်ရန် အစိုးရက သတိပေးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အစိုးရအေဂျင်စီများသည် ခရီးသွားများအကြား ယုံကြည်မှုပြန်လည်ရရှိရန် ပိုမိုကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီး ဆူဒါဝမ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့သည် စျေးဝယ်စင်တာများနှင့် အခြားအများပြည်သူနေရာများကို တင်းကျပ်သော လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်ရန်နှင့် လုံခြုံရေးဝန်ထမ်းများအား သင်တန်းများပေးခြင်းဖြင့် အဆက်မပြတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ ဆန်မရန်နျူအယ်လ်မာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ