ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မေတ္တာအခါတော်

လူ့လောက၌ လောဘတရားတို့ လွှမ်းမိုးလျှင် အငတ်ဘေးတို့ ဆိုက်ရောက်တတ်သည်။  ဒေါသတရားတို့ လွှမ်းမိုးလျှင် စစ်မက် ဘေးတို့ ဆိုက်ရောက်တတ်သည်။ မောဟတရားတို့ လွှမ်းမိုးလျှင် အနာရောဂါဘေးတို့ ဆိုက်ရောက်တတ်သည်ဟု ဗုဒ္ဓဘာသာဝင် တို့ ယုံကြည်ကြသည်။ မျက်မှောက်ကမ္ဘာကြီးသည် ဒေါသကမ္ဘာဟု ဆိုရလောက်အောင်ပင် ကြမ်းတမ်းခက်ထန် ပူလောင်မှုတို့က နေရာများစွာတို့မှာ ဖုံးလွှမ်းလျက်ရှိသည်။  လောဘ၊ ဒေါသ၊ မောဟ ဟူသော    မူလတရားသုံးပါးတို့တွင် လောဘသည် ဖြည်းဖြည်းညင်းညင်း၊ ဖြားဖြားယောင်းယောင်း၊ သက်သက်သာသာ သတ္တဝါတို့၏   အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။  ဒေါသသည် ကား ဆောဆောလျင်လျင်၊ ဟူးဟူးရားရား၊ ကြမ်းကြမ်းတမ်းတမ်း ပြု၍ သတ္တဝါတို့၏ အကျိုးစီးပွားကို ဖျက်ဆီးတတ်၏။ မောဟ သည်ကား ထိုတရားနှစ်ပါးတို့၏ ရှေးဦးစွာ ခရီးညွှန်သဖွယ်ဖြစ်၏ ဟူ၍  မောင်းထောင်ဆရာတော်ကြီးက ဒေါသကထာတွင် ပြဆိုသည်။

 

ဒေါသ၏    ဆန့်ကျင်ဘက်မှာ  မေတ္တာဖြစ်သည်။   မေတ္တာနှင့် ဒေါသသည် ရေနှင့်မီးသဖွယ်ဖြစ်၍ အတူရောနှော၍မရ။  ဒေါသ သည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖျက်ဆီးသော်လည်း မေတ္တာ ကမူ သတ္တဝါအားလုံးတို့၏အပေါ်တွင်   ဘေးရန်တို့   မရှိစေရန်၊ နှောင့်ယှက်ခြင်းတို့   ကင်းစေရန်၊   ဆင်းရဲခြင်းမှကင်း‌ဝေးစေရန်၊ သတ္တဝါတိုင်း   မိမိတို့၏ ကိုယ်စိတ်ချမ်းသာမှုတို့အတွက် မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြစေရန် အလိုရှိသည်ဖြစ်၍ စိတ်၏ ကိလေသာအညစ်အကြေးတို့မှ    ကင်းစေသော  တရားပင်ဖြစ်သည်။

 

“ဘိက္ခဝေ၊ ရဟန်းတို့။ စေတောဝိမုတ္တိယာ၊ စိတ်၏ ကိလေသာ မှ လွတ်ကြောင်းဖြစ်သော။   မေတ္တာယ၊  မေတ္တာကို။ သေဝိတာယ၊ မှီဝဲအပ်သည်ရှိသော်။   ဘာဝိတာယ၊  ပွားစေအပ်သည် ရှိသော်။ ဗဟုလီကတာယ၊ အကြိမ်များစွာ ပြုအပ်သည်ရှိ‌သော်။ ယာနီက တာယ၊ စီးသော ယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော်။ ဝတ္ထုကတာယ၊ တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော်။ အနုဋ္ဌိတာယ၊ မေတ္တာမှ မကွာ စေအပ်သည်ရှိသော်။ ပရိစိတာယ၊ လေ့ကျက်အပ်သည်ရှိသော်။ သုသမာရဒ္ဓါယ၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော်။ ဧကာဒသမ၊ တစ်ဆယ့်တစ်ပါးကုန်သော။ အာနိသံသာ၊ အကျိုးဆက်တို့ကို။ ပါဋိကင်္ခီတဗ္ဗာ၊ အလိုရှိအပ်ကုန်၏”ဟု မြတ်စွာဘုရားကဟောကြား ခဲ့ကြောင်း  အင်္ဂုတ္တရနိကာယ် ဧကာဒသနိပါတ်တွင် ဖော်ပြထား သည်။ မေတ္တာပွားများခြင်း၏ အကျိုးဆယ့်တစ်မျိုးတို့မှာ ကောင်း စွာ အိပ်စက်ရခြင်း၊  အိပ်ရာမှ ကောင်းစွာနိုးထရခြင်း၊ မကောင်း သော  အိပ်မက်မမက်ခြင်း၊    လူတို့က  ချစ်ခင်ခြင်း၊  နတ်ဘီလူး တို့က ချစ်ခင်ခြင်း၊  နတ်တို့က စောင့်ရှောက်ခြင်း၊ မီး၊ အဆိပ် စသည်တို့ မသင့်နိုင်ခြင်း၊ စိတ်မပျံ့လွင့်ခြင်း၊ မျက်နှာကြည်လင် ခြင်း၊ မတွေဝေသည်ဖြစ်၍ စုတိစိတ်ကျရခြင်း၊ တရားအထူးကို ထိုးထွင်း၍    မသိသည်ရှိသော်    ဗြဟ္မာ့ပြည်သို့    လားရခြင်းဟူ၍ ဖြစ်ပြီး ဧကန်မုချရမည့်အကျိုးတရားများပင် ဖြစ်သည်။

 

သတ္တဝါအများ   သူတစ်ပါးတို့ကို   မေတ္တာပွားများမည့်သူ ကိုယ်တိုင်သည်လည်း စွမ်းနိုင်သူ၊  ကိုယ်၊ နှုတ်တို့  ဖြောင့်မတ်သူ၊ စိတ်နှလုံးလွန်စွာ  ဖြောင့်မတ်သူ၊   ဆိုဆုံးမ လွယ်သူ၊ နူးညံ့သိမ်မွေ့ သူ၊ မာန်မာနထောင်လွှားခြင်း မရှိသူ၊ တင်းတိမ်ရောင့်ရဲသူ၊ အမွေးအမြူလွယ်သူ၊     အပိုကိစ္စ နည်းပါးသူ၊   ပေါ့ပါးဖြတ်လတ်သူ၊ ငြိမ်သက်သော  ဣန္ဒြေရှိသူ၊ ရင့်ကျက်သော  ပညာရှိသူ၊ မကြမ်းတမ်း မရိုင်းပျသူ၊   လူပုဂ္ဂိုလ်အစွဲမထားသူ၊   ပညာရှိတို့   ပြစ်တင်ဖွယ် အမှုမျိုး အသေးအဖွဲ ကလေးမျှပင် မပြုလုပ်သူအဖြစ် မိမိကိုယ်ကို ဆောက်တည်ထားရမည်ဖြစ်သည်။

 

လူတိုင်း လူတိုင်း၏ စိတ်နှလုံးတွင် သတ္တဝါဝေနေယျတို့အပေါ် ထားရှိအပ်သော  မေတ္တာဓာတ်တို့  ဖုံးလွှမ်းလာသည်နှင့် အမျှ    ကမ္ဘာလောကတွင်   ဒေါသကြောင့်    ဖြစ်ပေါ်နေသည့် သတ္တန္တရ ကပ်ဘေးမှ ကင်းဝေးကြပြီး  ထာဝရငြိမ်းချမ်းနိုင်မည်ဟူ၍ မေတ္တာအခါတော်နေ့ကို အကြောင်းပြု ကာ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါကြောင်း။          ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်