ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များ၌ မြန်မာအသင်း ရွှေ တစ်ခု၊ ငွေ တစ်ခု ထပ်မံဆွတ်ခူး

ရန်ကုန်  ၂၅   သြဂုတ် 


(၁၄) ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် မီတာ ၅၀ဝ ပွဲစဉ်များကို ထိုင်းနိုင်ငံ ပတ္တရားမြို့၌ သြဂုတ် ၂၅ ရက်က ဆက်လက်ကျင်းပခဲ့ရာ ပွဲစဉ်သုံးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင် လှေအသင်းသည် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။


မြန်မာအသင်းသည် ယနေ့ကျင်းပသော မီတာ ၅၀ဝ ပွဲစဉ်များအနက် Premier အိုးပင်းပွဲစဉ် အသက် ၂၄ နှစ်အောက် အမျိုးသမီးပွဲစဉ်နှင့် အသက် ၂၄ နှစ်အောက် အိုးပင်းပွဲစဉ်သုံးမျိုးတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်နှစ်မျိုး၌ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယူ ၂၄ အမျိုးသမီးအသင်းက ရွှေတံဆိပ်ဆုကို ရယူပေးခဲ့ခြင်းဖြစ်သည်။ ယခုရွှေတံဆိပ်သည် မြန်မာအသင်းအတွက် လေးခုမြောက် ရွှေတံဆိပ်ဖြစ်ပြီး ယူ ၂၄ အမျိုးသမီးအသင်း ရယူပေးခဲ့ပေးသော တတိယမြောက် ရွှေတံဆိပ်လည်း ဖြစ်သည်။


ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကျင်းပသော အသက် ၂၄ နှစ်အောက် အမျိုးသမီး မီတာ ၅၀ဝ ပြိုင်ပွဲ၏ ပထမအကြိမ်ပွဲစဉ်၌ မြန်မာယူ ၂၄ အမျိုးသမီးအသင်းသည် ဝ၂ မိနစ် ၂၄ ဒသမ ၇၅၇   စက္ကန့်စံချိန်ဖြင့် အိမ်ရှင်ထိုင်း အမေရိကန်နှင့် သြစတြေးလျအသင်းများကို ဖြတ်ကျော်ကာ ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ဆက်လက်ယှဉ်ပြိုင်ရသော ဒုတိယအကြိမ်ပွဲစဉ်၌ ဝ၂ မိနစ် ၂၄ ဒသမ ဝ၄၉ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့သဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။


ဒုတိယငွေတံဆိပ်ဆုကို မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းက ရယူပေးခဲ့ခြင်း ဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ကျင်းပသော ယူ ၂၄ အိုးပင်းပွဲစဉ်၌ မြန်မာယူ ၂၄ အမျိုးသားအသင်းသည် ပထမအကြိမ် ပွဲစဉ်၌ ဝ၂ မိနစ် ၁၀ ဒသမ ၅၈၁ စက္ကန့်ဖြင့် ဒုတိယနေရာမှ ပန်းဝင်နိုင်ခဲ့ပြီး အိမ်ရှင်ထိုင်းအသင်းက ဝ၂ မိနစ် ၈ ဒသမ ၉၉၀ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်နိုင်ခဲ့သည်။


ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၅၀ တွင် ဆက်လက်ပြုလုပ်သော ဒုတိယအကြိမ်ပွဲစဉ်၌ မြန်မာယူ ၂၄ အမျိုးသားအသင်းသည် ဝ၂ မိနစ် ၁၀ ဒသမ ၃၄၇ စက္ကန့်စံချိန်ဖြင့် ဒုတိယနေရာမှ ပန်းဝင်နိုင်ခဲ့သည့်အတွက် ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပွဲစဉ်၌ ထိုင်းအသင်းက ပထမ ဟောင်ကောင်အသင်းက တတိယ ရရှိခဲ့သည်။Premier အိုပင်းပွဲစဉ်၏ နောက်ဆုံးဗိုလ်လုပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ  မြန်မာအသင်းသည် ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ် ၊ တရုတ်တိုင်ပေ၊ ယူကရိန်းအသင်းများဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး  ဝ၂ မိနစ် ဝ၇ ဒသမ ၁၈၃ စက္ကန့်စံချိန်ဖြင့် ဆဋ္ဌမနေရာမှသာ ပန်းဝင်နိုင်ခဲ့သည့်အတွက် ဆုတံဆိပ် လက်လွှတ်ခဲ့ရသည်။ ယခုပွဲစဉ်၌ ပထမ တရုတ်၊ ဒုတိယ အင်ဒိုနီးရှား ၊ တတိယ တရုတ်တိုင်ပေ တို့က ရရှိခဲ့ကြသည်။


မြန်မာ့လက်ရွေးစင် လှေအသင်းသည် ပြိုင်ပွဲငါးရက်၌ စုစုပေါင်းပွဲစဉ် ၁၅ မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ် ၁၃ မျိုး၌ ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်လေးခု၊  ကြေးတံဆိပ်ငါးခု ရရှိပြီး ပွဲစဉ်နှစ်မျိုး၌သာ ဆုတံဆိပ် လက်လွတ်ခဲ့ရကာ သြဂုတ်၂၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။


အာကာစိုး            

         
ဓာတ်ပုံ-ကျော်ခိုင်(အား/ကာ)

 

IMG-b9a